လားရိုး၊ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ နမ့်ပေါင်ရွာနှင့် သံလွင်စံပြကျေးရွာတို့ကို နိုဝင်ဘာ ၂၄ ရက်နေ့ညတွင် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က နမ့်ပေါင်ရွာနှင့် သံလွင်စံပြကျေးရွာရှိ စာသင်ကျောင်း၊ လူနေအိမ်များပေါ်သို့ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်များနှင့် နေအိမ်များစွာပျက်စီးကာ ဒေသခံ မိသားစုတခုမှ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိးမြို့ ပြန်လည်ထူထောင်ရေး စာမျက်နှာက သတင်းထုတ်ပြန်လာသည်။
ဒဏ်ရာရသူ ၃ ဉီးတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တဉီး၊ အသက် ၄၀ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အသက် ၃၈ နှစ်အရွယ် မိခင်ဖြစ်သူတို့ ပါဝင်ကြောင်း ဆိုထားသည်။
ဖခင်ဖြစ်သူမှာ ဉီးခေါင်းတွင် ဒဏ်ရာရပြီး အရေးပေါ် ဆေးကုသမှုခံယူနေလျက်ရှိကြောင်း၊ မိခင်ဖြစ်သူမှာ ခြေထောက်နှင့် ဉီးခေါင်း၊ ကလေးငယ်မှာ မျက်နှာ၊ ဝမ်းဗိုက် ၊ ပေါင်တို့၌ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ရှမ်းမြောက်ဒေသရှိ ၎င်းတို့ လက်လွှတ်ခဲ့ရသော နယ်မြေများ၊ မြို့များကို လေကြောင်း တိုက်ခိုက်မှု မကြာခဏဆိုသလို ပြုလုပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် လားရှိုးမြို့ကို ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA က သိမ်းပိုက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။
ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး








