မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA တပ်စခန်းအချို့ ဖယ်ပေးရန် ထိုင်းဘက်က တောင်းဆိုရာမှ အငြင်းပွားနေ

ပန်ဆန်း၊ နိုဝင်ဘာ ၂၅

မြန်မာ-ထိုင်းနယ်စပ်ရှိ UWSA ၏ တပ်စခန်း ၇ ခုကို ထိုင်းစစ်တပ်က ဆုတ်ခွာခိုင်းမှုနှင့် ပတ်သက်၍ နှစ်ဖက်အငြင်းပွားမှုဖြစ်ပွားနေကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်မြို့အနီး မြန်မာ-ထိုင်းနယ်စပ်မျဉ်းဘေးရှိ UWSA အထိုင် စစ်စခန်း ၇ ခုကို ထိုင်းဘက်က ဆုတ်ခွာခိုင်းခြင်းဖြစ်ပြီး အဆိုပါ စခန်း ၇ ခု ဧရိယာကို UWSA က ၎င်းတို့၏ ဝ ပြည်နယ် တောင်ပိုင်း အဖြစ် သတ်မှတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်က သတင်းဌာန khaosod ၏ ဖော်ပြချက်တွင်မူ ဒီဇင်ဘာ ၁၈ ရက်နေ့က အဆိုပါ UWSA တပ်စခန်း ၇ ခုကို ဆုတ်ခွာပေးရန် ထိုင်းဘက်က ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဒါပေမဲ့ UWSA ဘက်ကလည်း အဆိုပါ စခန်းရှိရာ နေရာများမှာ ထိုင်းနိုင်ငံ ပိုင်နက်အတွင်မဟုတ်သဖြင့် မဆုတ်ခွာကြောင်း၊ အငြင်းပွားမှုဆက်လက်ဖြစ်ပွားနေပြီး လက်ရှိတွင် ထိုင်းတော်ဝင်စစ်တပ်ဘက်က အဆိုပါ အငြင်းပွားမှုဧရိယာဘက်သို့ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ချိန်ရွယ်ထားကြောင်း khaosod သတင်းအတွင်း ဖော်ပြထားသည်။

“ဝ” လူငယ့်အသံကွန်ရက် သတင်းစာမျက်နှာ၏ ဖော်ပြချက်တွင်မူ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက အဆိုပါ တပ်စခန်း ၇ ခု ဖယ်ခိုင်းသည့်ကိစ္စမှန်ကန်ကြောင်း၊ ယင်းမှာ နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့်ကိစ္စဖြစ်သဖြင့် နိုင်ငံတော်ခေါင်းဆောင်များကို သတင်းပို့ထားပြီးဖြစ်သည်ဟု ပြန်လည်ဖြေကြားထားကြောင်း ဖော်ပြထားသည်။

ယင်းအတွက် အသေးစိတ်အခြေအနေများကို ထပ်မံသိရှိနိုင်ရန် ဉီးညီရန်းအား News Ambassador က မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမပြုခဲ့ပေ။

ပုံစာ- UWSA တောင်ပိုင်း စစ်ဒေသမှ စစ်သားတဉီး

Google map ပုံ – khaosod