ဖယ်ခုံအရှေ့ဘက်ရှိ ကျေးရွာတခုကို စစ်ကောင်စီ ဗုံးကြဲသဖြင့် ဒေသခံ ၂ ဉီး သေဆုံး

ဖယ်ခုံ၊ နိုဝင်ဘာ ၉
News Ambassador

ယမန်နေ့ညက ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်အခြမ်းရှိ ကာလကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၂ ဉီးသေဆုံးပြီး အပျက်အစီးများရှိခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

ယမန်နေ့ည ၁၁ နာရီခန့် တိုက်ပွဲတစုံတရာမရှိဘဲ ဖယ်ခုံမြို့နယ်အရှေ့ဘက်အခြမ်းရှိ ကာလရွာ (အရှေ့)ကို လေကြောင်းဖြင့် ၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး ၁ ဉီးနှင့်အမျိုးသား ၁ ဉီးတို့ သေဆုံးကြောင်း သေဆုံးသူ ၁ဉီး၏ မိသားစုအသိုင်းအဝိုင်းမှ သိရသည်။

ယင်းအပြင် နေအိမ်တချို့နှင့် ကား ၃ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယနေ့ မနက်ကလည်း မိုးဗြဲမြို့နယ်၊ နိုးကိုးစံပြကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ရာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား ၆ ဉီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- CJ