သြဂုတ် ၁၅

“ အဲ့ဒီကလေးက လက်နက်ကြီးသံ၊ လေယာဉ်သံကြားတာနဲ့ လွယ်အိတ်လွယ်ပြီး အိမ်ကို တန်းပြေးတော့တာ။ ကျမတို့ ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ သူ့အကိုက စာသင်ကျောင်း ဗုံးကြဲခံရတုန်းက ဆုံးသွားတာလေ”
ကျောင်းအုပ်ဆရာမကြီး ရှားဖောထူး အထက်ပါစကားကိုဆိုရင်း အနီး၀န်းကျင်၌ ပြေးလွှားဆော့ကစားနေသော ကျောင်းသား/သူ ကလေးငယ်များကို တချက်လှမ်းကြည့်သည်။ သွပ်မိုးထရံကာ မြေစိုက်တဲအတွင်း အစီအရင်ခင်းထားသော စာသင်ခုံများပေါ်တွင်မူ ကလေးငယ်များ၏ ကျောင်းစာအုပ်အချို့နှင့် ကစားအချို့က နေရာယူထားလျက်။
ယခင်က မိုးလုံလေလုံ စာသင်ကျောင်းခန်းထဲ နေမထိ/လေမထိ ပညာရည်နို့ အေးအေးလူလူ သောက်ယူခွင့်ရခဲ့သော်လည်း ယခုမူ မြေစိုက်တွဲအတွင်း စာအံနေရသည်ဟူသော ကိစ္စမှာ ဤဒေသအတွက် မထူးမခြားနားဖြစ်စဉ်သာ။
ကလေးငယ်များမှာ ကျောင်းခေါင်းလောင်းသံ၊ ဆရာ/မတို့ အသံကို နားစွင့်ရသလို အရေးအကြီးဆုံး သတိပြုရသည်ကား ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတက်သည့် လေယာဉ်သံ လက်နက်ကြီးသံများပင်ဖြစ်သည်။ သတိမပြု နားမစွင့်၍ မရအောင် ဘ၀နှင့်ရင်းပြီး ပေးဆပ်လိုက်ရသော အဖြစ်ဆိုးများကို ၎င်းတို့ ရရှိခဲ့ဖူးပြီးဖြစ်သည်။

ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်း၊ ဒေါဆီအီးကျေးရွာရှိ ဆရာမ ရှားဖောထူးတို့၏ စာသင်ကျောင်းကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မနက်တွင် အာဏာသိမ်းစစ်ကောင်စီက လေယာဉ်နှင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မနက်ခင်း ကျောင်းတက်ပြီးကာစ ဒေါဆီအီးရွာ စာသင်ကျောင်းအတွင်း ပျံလွှင့်နေသော ကလေးငယ်များ၏ စာအံသံကို စစ်ကောင်စီ၏ ဗုံးကြဲလေယာဉ်သံနှင့်အတူ ဖျက်အားပြင်းဗုံးသီးများက သွေးအိုင်ထဲ လဲကျသွားအောင် ဆွဲခေါ်သွားခဲ့သည်။
“ စာသင်နေတုန်း ကလေးက ဆရာ… လေယာဉ်သံ..ဆိုပြီး ပြောတော့ ကျနော်ပြတင်းပေါက်ကနေ သွားကြည့်တဲ့အချိန်မှာ လေယာဉ်က ကျနော်တို့ စာသင်ကျောင်းကို ခေါင်းစိုက်နေပြီ။ ကလေးတွေကို ခုံအောက်မှာပဲ ပုန်းခိုင်းရတယ်။ အပြင်ထွက်ပြေးခိုင်းဖို့ အချိန်မမီတော့ဘူး “
” ကလေးတယောက်က ကျနော့လက်ထဲမှာပဲ ဆုံးသွားတာ။ ဉီးနှောက်ပွင့်သွားပုံရတယ်။ သွေးတွေချည်းပဲ။ ကျနော်သူ့ကို တွေ့တွေ့ချင်း သူ မကျဆုံးသေးဘူး။ ကျနော်သူ့ကို ပွေ့ယူလိုက်ချိန်မှာ မရတော့ဘူးဆိုတာ သိတယ်။ မကြာဘူး။ သူဆုံးသွားတယ်” ဟု ကျောင်းဆရာ ခွန်းနေမျိုးအောင် က ကြုံခဲ့ရသည့် အဋိဌာရုံမြင်ကွင်းအချို့ကို ပြန်ပြောင်းပြောပြသည်။
ယင်းနေ့တွင် အာဏာသိမ်းစစ်ကောင်စီက ဒေါဆီအီးစာသင်ကျောင်းနှင့်အတူ အနီးနားရှိ လွိုင်နန်ဖကျေးရွာ အထက်တန်းကျောင်းကိုပါ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ လွိုင်နန်ဖကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှုတွင် ကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပေ။


သို့သော် ဒေါဆီအီးကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုတွင် Grade 8/7/5 တို့မှ ကျောင်းသားငယ် ၄ ဉီးဖြစ်သည့် ခွန်းခရစ္စတိုဖာ ၊ ခွန်းအယ်လသ ၊ ခွန်းစန်းလှိုင် ၊ ခွန်းအယ်ဒိုမူး တို့ ကွယ်လွန်ဆုံးပါးခဲ့ရသည်။ ယင်းအပြင် ထိခိုက်ဒဏ်ရာရသည့် ကလေးငယ် ၃၀ ခန့်ရှိခဲ့ပြီး အချို့မှာ ကျောက်ကပ်တခြမ်း ပျက်စီးသည်အထိ ပြင်းပြင်းထန်ထန်ထိခိုက်သူများပါ ရှိခဲ့သည်။
“ဆုံးသွားတဲ့ ကလေးမိခင်တဉီးက စိတ်အရမ်းထိခိုက်သွားလို့ထင်တယ်။ စိတ်ကျန်းမာရေးကိုလည်း ထိခိုက်သွားတယ်၊ ဒီမှာ ကျောင်းတွေပြန်ဖွင့်တော့ ကလေးတွေ ကျောင်းတက်ဖို့လာတာမျိုးတွေ့ရင် ငိုတယ် ” ဟု ကျောင်းအုပ်ဆရာမ ရှားဖောထူးက ဆိုသည်။
ဗုံးကြဲခံရမှုကြောင့် ကျောင်းဆောင်တခုမှာ လုံးဝပျက်စီးသွားခဲ့ပြီး စာသင်ကျောင်းမှာလည်း ယနေ့တိုင် အပျက်အစီးနှင့် မြက်ရိုင်းပင်များအကြား တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။ ကျောင်းသူ/သားများမှာ အဆိုပါ စာသင်ကျောင်းကို စွန့်ခွာလိုက်ပြီး နေရာအသီးသီးခွဲကာ နေအိမ်များ၌ ပြောင်းရွှေ့သင်ကြားခဲ့တော့သည်။
” အေးအေးချမ်းချမ်းနဲ့ ပညာသင်နေတာကို ဒီလိုရက်ရက်စက်စက် တိုက်ခိုက်လာတာ သူတို့မှာ ဘာအပြစ်ရှိလို့လဲ။ ဒါကိုရှုံ့ချတယ်။ ကလေးတွေလည်း အေးအေးချမ်းချမ်းနဲ့ ဆက်လက်ပညာသင်ယူနိုင်မယ့် အခွင့်အလမ်း ရှိစေချင်တယ် ” ဟု ဒေါဆီအီးစာသင်ကျောင်းတွင် Grade 6 အတန်းကို တာဝန်ယူသင်ကြားခဲ့သည့် ကျောင်းဆရာမလေး ဒေါ်တာမော်က ဆိုသည်။

ဗုံးကြဲခံရမှုကြောင့် ထိခိုက်ပျက်စီးသွားခဲ့သော ကလေးငယ် ၄ ဉီး၏ အသက် ၄ ချောင်းအပါအဝင် နောက်ထပ် ဆုံးရှုံးနစ်နာမှုက ဒေါ်ဆီအီးစာသင်ကျောင်းတွင် ရှိသေးသည်။ ကျောင်းဆရာမလေး ဒေါ်တာမော်၏ မိခင်ဖခင်တို့မှာ စာသင်ကျောင်းဗုံးကြဲခံရမှုအပြီးတွင် ၎င်းတို့၏သမီးဖြစ်သူကို ကျောင်းဆရာမတာဝန် ဆက်လက်ထမ်းဆောင်ရန် လက်သင့်မခံတော့ပေ။
တဖက်တွင် မိမိ၏ ဝါသနာအရင်းတည်ရာ အလုပ်ဖြစ်သော်လည်း မိဘများ၏ စိုးရိမ်သောကကို မလွန်ဆန်နိုင်သည့်အခါ ဒေါ်တာမော် တယောက် ယနေ့တိုင် စာသင်ကျောင်းများကို ကျောခိုင်းခဲ့သလို စာသင်ကျောင်းအတွက်လည်း ဆရာမတဉီး ဆုံးရှံးခဲ့တော့သည်။
“ကျမ အရမ်း စာပြန်သင်ချင်တယ်။ စာပဲသင်တက်တာ။ အခုတော့ ဖရူဆိုအရှေ့ခြမ်းမှာ ပဲစိုက်နေတယ်။ ကျမက ကိုယ့်ကိုယ်ကိုယ် ခံနိုင်ရည်ရှိတယ်လို့ မြင်တယ်။ ဒါပေမဲ့ မိသားစုရဲ့ ဖိအားလည်းပါတယ်။ စိတ်ပူတာပေါ့နော်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတော့ ဆန်းစစ်ဉီးမယ်။ ငါသင်နိုင်လား။ မိသားစုပြန်ပျော်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ခဏ စောင့်ကြည့်ဉီးမယ်” ဟု ဒေါ်တာမော်က ရင်ဖွင့်သည်။
ဆုံးရှံးနစ်မှုနှင့်အတူ အိမ်မက်ဆိုးများကြောင့်လားမသိ၊ အထက်ပါစကားကို ဆိုနေချိန် ဒေါ်တာမော်တယောက် စီးဆင်းလာသော မျက်ရည်စက်များကို မထိန်းနိုင်ခဲ့။
“ ဗုံးကြဲခံရတုန်းက ကျဆုံးခဲ့တဲ့ ၈ တန်းကလေး တယောက်က ကျမ အိမ်ရှေ့ကနေ ထွေလာဂျီဖြတ်မောင်းပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လက်ပြနှုတ်ဆက်နေတဲ့မြင်ကွင်းကို အခုထိ ခဏခဏ အိမ်မက် မက်နေတုန်းပဲ ” ဟု ဒေါ်တာမော်က ထပ်လောင်းပြောပြသည်။
ဒေါဆီအီး စာသင်ကျောင်းနှင့် တရက်တည်းအတူတူ ဗုံးကြဲခံရသော လွိုင်နန်ဖကျေးရွာစာသင်ကျောင်းကိုလည်း ယနေ့အထိ ပြန်လည်အသုံးမပြုတော့ဘဲ ကျောင်းသား/သူများမှာ လူသူအရောက်အပေါက်နည်းသော တောအတွင်းသို့ ပြောင်းရွှေ့ကာ မြေစိုက်တဲဆောက်လုပ်၍ ပညာသင်ကြားနေကြသည်။
ယခင်က ၂ ထပ်ကျောင်းဆောင် တောင့်တောင့်တင်းတင်းကြီးဖြင့် စာသင်ကြားခဲ့ရသော လွိုင်နန်ဖ စာသင်ကျောင်းမှ ကျောင်းသူ/သားများမှာ ယခုတွင်မူ နေရပ်မှ နာရီဝက်မက ဆိုင်ကယ်စီး၍ မိုးတွင်းကာလ ရွှံ့ထူထူမြေနီလမ်း ခပ်ချောချောကိုဖြတ်ကျော်၍ ကျေးငှက်သံများမှအပ တိတ်ဆိတ်နေသော အင်ပင်တောကြီးအတွင်း သွားရောက် သင်ယူကြရဉီးမည် ဖြစ်သည်။
လက်ရှိကာလ ကရင်နီပြည်နယ်အတွင်းရှိ စာသင်ကျောင်းများအားကို ကြည့်ပါက အများစုမှာ လူသူအရောက်အပေါက်နည်းသော တောထဲတောင်ထဲ ရွှေ့ပြောင်းဖွင့်လှစ်ထားသည်ကို တွေ့ရသည်။
“ကျနော်တို့က လေယာဉ်တွေ လက်နက်ကြီးတွေရန်ကနေ ကာကွယ်ဖို့ တောထဲပြောင်းလိုက်ရတာ။ လွယ်တော့မလွယ်ဘူးပေါ့ နေရာရွေးရတာ။ တကယ်လို့ လေယာဉ်လာရင် ပြေးကပ်ပြီးခိုစရာရှိမယ့်နေရာ မျိုးဖြစ်ဖို့လည်း စဉ်းစားရသေးတယ်” ဟု လွိုင်နန်ဖကျေးရွာ စာသင်ကျောင်းအသစ် ဖြစ်မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တဉီးက ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းများနှင့် တက္ကသိုလ်များထိခိုက်ပျက်စီးစေသည့် တိုက်ခိုက်မှု အကြိမ်ရေ ၁၇၀ ကျော်ရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ သုတေသနစစ်တမ်းများ ထုတ်လုပ်သော Myanmar Witness အဖွဲ့က ထုတ်ပြန်ထားသည်။
ဗုံးကြဲခံရမှုကြောင့် ကျောင်းတော်ကို ကျောခိုင်းခဲ့ရသည့် ဆရာမလေး ဒေါ်တာမော်ကမူ “ကျမ စာပြန်သင်ချင်တဲ့ အကြောင်းကိုတော့ အမေ အဖေတို့ကို မပြောပြရသေးဘူး” ဟု ဆိုသည်။
ဒေါ်ဆီအီးကျေးရွာသူ/သားများအတွက်မူ အဆိုပါ ဖြစ်ရပ်ဆိုးကား ပြန်ပြောင်းမှတ်မိချင်စရာ မကောင်းလောက်အောင် နာကျင်စရာဖြစ်ခဲ့သော်လည်း ယနေ့အထိတော့ မမေ့နိုင်ကြသေးပေ။





ဒေါဆီအီးကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် မြင်ကွင်း
Author – YL
Photo – KKK