ပန်ဝါ၊ နိုဝင်ဘာ ၄
News Ambassador
ကချင်ပြည်နယ် အထူးဒေသ ၁ ပန်ဝါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်၏ လက်ရှိ ခေါင်းဆောင် ဇခုန်ယိန်းဆောင် သည် တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်တိမ်းရှောင်စဉ် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသတွင်းရှိ သတင်းရင်းမြစ်များက သတင်းပေးပို့လာသည်။
ပန်ဝါမြို့ကို KIA နှင့် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ဇခုန်ယိန်းဆောင်သည် ကန်ပိုက်တီ နယ်စပ်မှတဆင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်ပြီး တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံရခြင်းဖြစ်ကြောင်း ကန်ပိုက်တီဒေသရှိ သတင်းရင်းမြစ်က ပြောသည်။
“သူ အဖမ်းခံရတဲ့ကိစ္စ ဉီး ဇခုန်တိန့်ယိန်းတို့ဘက်က သတင်းဖုံးထားတယ်။ ပြီးတော့ တရုတ်နဲ့ညှိပြီးပြန်ဆွဲထုတ်မယ်ဆိုတဲ့ သတင်းမျိုးကြားတယ်။ ဒါပေမဲ့ စစ်ဆေးလိုက်တော့ သူက ကျာဖြန့်လုပ်ငန်းတွေပါ လုပ်ထားတဲ့ဟာပါတော့ တရုတ်ဘက်က ဒါကိုတော့ ခွင့်မလွှတ်ပေးလောက်ဘူးလို့ ထင်တယ်” ဟု ကချင်ပြည်နယ်ရှိ စစ်ရေးသတင်းရင်းမြစ်တဉီးက ပြောသည်။
ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ရှိ သတင်းရင်းမြစ်ထံမှ ရရှိသော သတင်းအရလည်း ဇခုန်ယိန်းဆောင် သည် တရုတ်နိုင်ငံဘက်ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုသည်။
ဇခုန်ယိန်းဆောင် နှင့် သူ၏ ဖခင် ဇခုန်တိန့်ယိန်းသည် ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်အမတ်ဟောင်းများဖြစ်ပြီး စစ်ကောင်စီနှင့်လက်တွဲကာ KIA ကို တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ရှိတွင် ဇခုန်ယိန်းဆောင်၏ ဖခင် ဇခုန်တိန့်ယိန်းအပါအဝင် မိသားစုဝင်များ တရုတ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေပြီး ၎င်းတို့ထိန်းချုပ်စိုးမိုးခဲ့ရာ ဒေသများအထဲတွင် ကန်ပိုက်တီနယ်စပ်ဒေသတခုမှလွဲ၍ ကျန်ဒေသအများစုသည် KIA နှင့် တော်လှန်ရေးတပ်များလက်သို့ ကျရောက်နေပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ_ CJ ( ပေးပို့)
