

သံတောင်ကြီး၊ မတ် ၉
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်း သပြေညွှန့်စခန်းနှင့် ရန်ကုန်-မန္တလေး(ကားလမ်းဟောင်း)အနီးရှိ ကျောက်တိုင်ရွာ ကာကင်းစခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်ရှိ စစ်ကောင်စီတပ် ခလရ ၇၃ အထိုင် သပြေညွှန့်စခန်းကို မတ်လ ၇ ရက်နေ့နေ့လည်တွင် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၁၀ ဉီးခန့်ကျဆုံးသည်ဟု ကနဉီးတွက်ချက်ထားကြပြီး ၂၀ ခန့် စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်အချို့ထံမှ သိရသည်။
ယင်းအပြင် လက်နက်ခဲယမ်းအချို့ သိမ်းယူရရှိခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
တိုက်ပွဲကို PDF အထူးကွန်မန်ဒိုတပ်ရင်း (P29914)၊ KNLA တပ်မဟာ ၂ နှင့် ၃ တို့ရှိ တပ်ဖွဲ့ဝင်များက ပါဝင်တိုက်ခိုက်ခဲ့ပြီး ဖြတ်တောက်ရေးအဖြစ် တပ်ရင်း ၃၅၀၂ ၊ အာဠာဝက ၊ ဧရာဝတီ ၊ ဖြူး၊ ရန်ကုန်၊ အုတ်တွင်း ပကဖအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဘက်က သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပဲခူးတိုင်း ၊ တောင်ငူခရိုင် ၊ ကျွဲပွဲမြို့ နှင့် ညောင်ခြေထောက်မြို့ အကြား၊ ရန်ကုန်-မန္တလေး ကားလမ်းအနီး ကျောက်တိုင်ကျေးရွာရှိ စစ်ကောင်စီတပ်အထိုင် ကာကင်းစခန်းကို ယနေ့မနက် ၄ နာရီခွဲခန့်တွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဉီးခန့် သေဆုံးသည်ဟု ကနဉီး တွက်ချက်ထားပြီး လက်နက်ငယ် ၆ လက် သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေးတပ်ဘက်ကလည်း ရဲဘော် ၁ ဉီး ကျဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ(၂)၊ ဗျူဟာ (၂၃) တပ်ရင်း၃၅၀၂၊ အုတ်တွင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။