ဝက်လူးရဲစခန်းမှ ထွက်လာသော စကစ စစ်ကြောင်းကို တိုက်ခိုက်၊  ၂၅ ​ဉီးသေဆုံးပြီး ဗိုလ်မှူးအပါ ၁၄ ဉီး အရှင်ဖမ်းမိ

မြင်းခြံ၊ မတ် ၁၁

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ရာ လက်နက် ၄၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် မတ် ၉ ရက်နေ့က ဝက်လူးရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်မ-၁၀၁ လက်အောက်ခံ  အင်အား (၂၀၀) ခန့်ပါ စစ်ကြောင်းကို  ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီ အဖွဲ့ဝင် (၂၅) ဦး သေဆုံးပြီး ဗိုလ်မှူး ဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီး အောင်ကိုကို အပါ (၁၄) ဦးကို  ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီထံမှ လက်နက်  MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှ တက်သော ဂျက်တိုက်လေယာဉ်ဖြင့် (၂) ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ၊ တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း  နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။