


မုံရွာ၊ မတ် ၇
မတ် ၄ ရက်နေ့ ညနေ ၃နာရီခန့်က စစ်ကိုင်းတိုင်း မုံရွာမြို့တွင်းမှထွက်လာသော စစ်ကောင်စီတပ်၏ သံပြားကာစစ်ကား(၂)စီးကို မုံရွာ-မန္တလေး လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စကစများ အထိအခိုက်များခဲ့ကြောင်း သိရသည်။
အဆိုပါ သံပြားကာ ကား ၂ စီးသည် ချောင်းဉီးမြို့ကိုဖြတ်၍ မြင်းမူဘက်သို့ဉီးတည်ထွက်ခွာနေစဉ် မုံရွာ-မန္တလေး လမ်းပိုင်းတစ်နေရာ၌ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
စတင်တိုက်ခိုက်စဉ် မိုင်းဆွဲမှုကြောင့် ကားတစ်စီး ထိုးရပ်သွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ချောင်းဦးမြို့နယ် စိုက်ကွင်းရုံးနှင့်မြပုလဲ စကစ အထိုင်စခန်းများမှ ၁၂၀မမ လ-က်နက်ကြီးပစ်ကူပေးခဲ့ပြီး န-မ-ခ မှ အင်ဂျင်တပ်လေထီးများဖြင့်လေကြောင်းပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးတပ်များဘက်က ထုတ်ပြန်သည်။
တို-က်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုဗိုလ်တစ်ဦးအပါအဝင် ၁၇ ဦး သေဆုံးပြီး တော်လှန်ရေးတပ်များဘက်မှ ရဲဘော် ၁ ဉီး ဒဏ်ရာရခဲ့ကြောင်း ၊ စကစ ကား၂ စီးမှာ မောင်းနှင်၍ မရတော့သဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 ၄လက်။ MA-3 ၁လက်၊ MA-11 ၃လက်၊ G-3 ၁လက်၊ G-1 ၁လက်၊ 60မမ စိန်ပြောင်း ၁လက်၊ 40မမ ဆုံလည် ၁လက်၊ ကျည်ဘောက်မျိုးစုံ(၂၂)ဘောက် သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုထားသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု ပါဝင်ဖွဲ့စည်းထားသော ULF စစ်ကြောင်းနှင့် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် ၊ အခြားမဟာမိတ်တပ်ဖွဲ့များ ပါဝင်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် SRC(Spring Revolution Cilinic)မှ ဆေးဘက်ဆိုင်ရာ အကူညီပေးခဲ့ပြီး ရင်းမြစ်ဌာနေ လေကြောင်းအထိုင်မှ လေကြောင်းကင်းထောက်မှု ကူညီပေးခဲ့ကြောင်း ဖော်ပြထားသည်။