ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး အဆိုပြုခဲ့သည့် Move Forward ပါတီ ဖျက်သိမ်းခံရ၊ ပါတီခေါင်းဆောင်များ ၁၀ နှစ်ပိတ်ခံရ

ဘန်ကောက်၊ သြဂုတ်

ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Move Forward ပါတီကို ယနေ့ နေ့လည် ပိုင်းက ဖျက်သိမ်းလိုက်ပြီး ထိုင်းနိုင်ငံရေးသမား ပီတလင်ဂျာ နှင့် လက်ရှိပါတီခေါင်းဆောင် Chaithawat Tulathon အပါအဝင် ပါတီထိပ်တန်းတာဝန်ရှိသူများကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်လိုက်ကြောင်း ထိုင်းမီဒီယာများမှ တဆင့်သိရှိခဲ့ရသည်။

ပါတီဖျက်သိမ်းခံရတာနှင့်ပတ်သတ်ပြီး “ ဒါဟာ ထိုင်းနိုင်ငံအတွက် လူ့အခွင့်အရေး ကင်းမဲ့တဲ့ လုပ်ရပ်တစ်ခုလို ခံစားရတယ်။ ဒီလိုလုပ်တာဟာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး” လို့ ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက News Ambassador သို့ပြောကြားခဲ့သည်။

ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး အဆိုပြုခဲ့သည့် အတွက် ထိုင်းခုံရုံးက ယခုကဲ့သို့ ပိတ်ခဲ့ရာ ထိုင်းဘုရင်စနစ်နှင့် ပတ်သတ်ပြီး

“ ဒီဥပဒေကြောင့် ဘုရင်စနစ်ကို ပြည်သူတွေက ပိုမမုန်းမိအောင် ပြုပြင်ပြောင်းလဲသင့်တယ် ” လို့ ၎င်းကဆိုသည်။

Move Forward ပါတီသည် ပြီးခဲ့သည့်ရွေးကောက်ပွဲအတွင်း ထိုင်းလူထုအကြားရေပန်းအစားဆုံးနှင့် အမတ်နေရာအများအနိုင်ရသည့် ပါတီဖြစ်ပြီး မြန်မာပြုပြင်ပြောင်းလဲရေးကို ကူညီပေးမည်ဟု ပြောထားသောပါတီလည်းဖြစ်သည်။

ထိုသို့ ဖျက်သိမ်းခံရမှုနှင့်ပတ်သတ်ပြီး “ ထိုင်းနိုင်ငံမှာလည်း နိုင်ငံရေးပြဿနာတွေရှိတယ်ဆိုတာ သိစေချင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ပြီး မြန်မာပြည်သူတွေအားလုံး ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ” လို့ Move Forward Party အားပေးသူ တစ်ဦးကပြောကြားသွားပါသည်။

Photo – Move Forward Party