ရန်ကုန် ၊ ဩဂုတ် ၇
စစ်ရေးအရ ရှုံးနိမ့်နေသော စစ်ကောင်စီသည် ဒဂုံတက္ကသိုလ် ပရဝဏ်တွင်း စစ်မှုထမ်းရန် ကျောင်းသားများကို ဟောပြောပွဲများပြုလုပ်ကာ စည်းရုံးနေကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားများထံမှသိရသည်။
ကျောင်းသားများ စစ်မှုထမ်းပါက လစာ တစ်လလျှင် ၁၅၀၀၀၀ ကျပ်ပေးမည်ဖြစ်ကြောင်းကို “စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း” ခေါင်းစဥ်ပါ ဝါဒဖြန့်ချီရေးစာများပါသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်ဟု သိရသည်။
အလားတူ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်လည်း ကျောင်းသားများအား စစ်မှုထမ်းရန် စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟုသိရသည်။
အဆိုပါဟောပြောပွဲတွင် တက်ရောက်သောကျောင်းသားများအား သတင်းပေါက်ကြားမည် စိုးရိမ်ချက်ဖြင့် ဖုန်းများသိမ်းဆည်းခဲ့ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ထုတ်ပြန်ထားသည်။