ဖာပွန်ရှိ စစ်ကောင်စီ၏ ကူးဆိပ်တံတား လုံးခြုံရေးစခန်းကို တိုက်ခိုက်သိမ်းပိုက်

ဖာပွန်၊ နိုဝင်ဘာ ၁၂

News Ambassador

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်အထိုင် ကူးဆိပ်တံတား လုံခြုံရေးစခန်းကို နိုဝင်ဘာ ၉ ရက်နေ့တွင် KNLA တပ်မဟာ ၅ နှင့် မဟာမိတ်များပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ဝေဆန်နှင့် မထောင်းအကြားရှိ အဆိုပါ ကူးဆိပ်တံတားစခန်းသည် ၁၉၅၄ ခုနှစ်ကတည်းက တည်ရှိသော စခန်းတခုဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့မနက်တွင် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင် စခန်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၅ သတင်းရင်းမြစ်များထံမှ သိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ RPG (၂)လက်၊ မောင်းပြန်ရိုင်ဖယ်(၃)လက်၊ RPG ကျည်ဖူး(၂၇)လုံး၊ ၆၀မမကျည်ဖူး(၂၂)လုံး၊ ဒရုန်းဖျက်ဂျယ်မာ(၃)ခုနှင့် မောင်းပြန်ရိုင်ဖယ် ကျည်တောင့်(၂၀၀၀)ကျော် တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း ၈ လောင်း ကျန်ရှိခဲ့ပြီး တော်လှန်ရေးတပ်ဘက်မှ ရဲဘော် ၂ ဉီး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။