
နေပြည်တော်၊ ဇန်နဝါရီ ၂၄
News Ambassador
နေပြည်တော် ပကဖ ထံသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဉီးကို သွားရောက် ခေါ်ထုတ်စဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး အလင်းဝင်သူ ၃ ဉီးနှင့် တော်လှန်ရေးရဲဘော် ၁ ဉီးတို့ ကျဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ တပ်စိပ်မှူး၊ ဒုတပ်စိတ်မှူး အပါအဝင် တပ်သား ၇ ဦးသည် လက်နက်နှင့်တကွ နေပြည်တော် ပကဖ ထံသို့ ဘက်ပြောင်းခိုလှုံလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို သွားရောက်ခေါ်ထုတ်စဉ် စစ်ကောင်စီဘက်က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်အတွက် နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တိုင်း-တိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော်ဆင်ကြီး ကျဆုံးခဲ့ပြီး ဇေယျာသီရိမြို့နယ်-ပကဖ တာဝန်ခံ ရဲဘော်ယက္ခနှင့် လယ်ဝေးမြို့နယ်-ပကဖ မှ ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း နေပြည်တော် ပကဖ ထံမှ သိရသည်။
ယင်းအပြင် ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျဆုံးရဲဘော်များကို အာဇာနည်ကုန်း၌ ဈာပနကျင်းပခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-နေပြည်တော် ပကဖ
