အမ်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဉီးကို ထပ်မံဖမ်းဆီးရမိ

ငဖဲ၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဉီးကို မကွေးတိုင်း ငဖဲမြို့နယ်အတွင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း အရှို(ချင်း) CDF အဖွဲ့က ထုတ်ပြန်ကြေညာလာသည်။

ဇန်နဝါရီ ၁၃ ရက်နေ့က အမ်းမြို့နယ် ကြက်ရေစမ်းရွာအနီး တပ်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဉီးကို ငဖဲမြို့နယ် ဂုတ်စည်းရိုးရွာအနီး တားဆီးပိတ်ဆို့ရာ လက်နက်ချအညံ့မခံဘဲ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဉီးအနက် ၂ ဉီးကို ပြင်းထန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သော်လည်း ကုသမှုခံယူနေစဉ်အတွင်း ဆုံးပါးခဲ့ကြောင်း အရှို(ချင်း) CDF အဖွဲ့က ဆိုသည်။

ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း အမ်းမြို့နယ် တောင်ဇောက်ရွာအနီး တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို ငဖဲမြို့နယ် ရှောက်တောင်ရွာအနီးတွင် တားဆီးရာ လက်နက်ချအညံ့မခံသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဉီး သေဆုံးပြီး ၈ ဉီးကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ကြောင်း အရှို(ချင်း) CDF အဖွဲ့က ဆိုထားသည်။

ဇန်နဝါရီ ၁၃ နှင့် ၁၄ နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဉီးကို အရှင် ဖမ်းဆီးရမိခဲ့ပြီး လက်နက်ငယ် ၁၅ လက်၊ စိန်ပြောင်း ၁ လက်၊ ခဲယမ်း နှင့် အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

AA ၏ ထိုးစစ်ကြောင့် ရခိုင်ပြည်နယ်အတွင်းမှ ကစင့်ကလျားထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရှို(ချင်း) CDF အဖွဲ့က မကြာခဏဆိုသလို ဖမ်းဆီးရမိနေလျက်ရှိသည်။