

ဖလမ်း၊ ဧပြီ ၉
ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲစတင်ပြီး ၅ လခန့်အကြာတွင် မြို့ကို သိမ်းယူနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင်မဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်လာသည်။
ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ၉ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ၅ လပြည့်သည့် ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်သော နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ပြီဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။
အာဏာသိမ်းစစ်တပ်သည် ဖလမ်းမြို့ကို လက်မလွှတ်ရရေးအတွက် နယ်မြေခံတပ်ရင်း ခလရ ၂၆၈ အပြင် ခလရ ၃၉၁ မှ အင်အား ၁၀၀ ခန့်ပူးပေါင်းကာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၁၀၀၀ ကျော်အသုံးပြု၍ ခုခံခဲ့သော်လည်း ယနေ့တွင် လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်များ အကျအဆုံးရှိခဲ့သည်ဟု သိရသော်လည်း အသေးစိတ်ကိုတော့ ဖော်ပြထုတ်ပြန်ခြင်း မရှိသေးပေ။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့နှင့်အတူ အညာဒေသအခြေစိုက် 96 soldiers PDF ၊ ဗိုလ်နဂါး၏ BNRA၊ AIF ၊ BRTF ယမ်းအဖွဲ့၊ GZA ၊ GRF၊ HNB ၊ ကလေးမှ KRF နှင့် Kalay UG ၊ မြင်းခြံမှ MBT ၊ NLA ၊ RAW Medical Team ၊ စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု SFD ၊ ယောဒေသရှိ YDF ၊ ZA ၊ ကလေးခရိုင် ပကဖ နှင့် ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။




