

ထားဝယ်၊ ဧပြီ ၂၈
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး၊ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်အထိုင် ဟားလီးကွေ့တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ မနက် ၆ နာရီခန့်က အဆိုပါ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်း တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ကူများနှင့် လေကြောင်းပစ်ကူများ အသုံးပြုခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ဒူရက စစ်ကြောင်း က သတင်းထုတ်ပြန်လာသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဉီး သေဆုံးပြီး တပ်ဖွဲ့ဝင် ၁၆ ဉီးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်လာသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ MA 1 သေနတ် ၉ လက်၊ MA 2 သေနတ် ၁ လက်၊ MA 3 သေနတ် ၆ လက်၊ MA 4 သေနတ် ၁ လက်၊ MA 11 သေနတ် ၁ လက်၊ BA 100 သေနတ် ၁ လက် နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
တိုက်ပွဲသို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၏ ဒူရကစစ်ကြောင်းဉီးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်၊ KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲ ၅ ၊ ဉဩစစ်ကြောင်း ၊ DGRF ၊ TPLF ၊ ဒေါနတပ်ခွဲ ၇ ၊ SGDF ၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။