ရခိုင်-မကွေးနယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ အရာရှိ ၂ ဉီးအပါအဝင် ၁၂ ဉီးကို အရှင်ဖမ်းမိ

ငဖဲ၊ ဇန်နဝါရီ ၂၃

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း အစပ်တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီအရာရှိ ၂ ဉီးအပါအဝင် ၁၂ ဉီးကို အရှင်ဖမ်းမိထားကြောင်း လူထုတော်လှန်ရေး မဟာမိတ် အင်အားစု PRA မကွေးက သတင်းထုတ်ပြန်လာသည်။

ယခု ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းများနှင့်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ပိတ်ဆို့ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်များတွင် စစ်ကောင်စီ၏ ခမရ ၁၁၃ မှ ဗိုလ်ကြီး ၂ ဉီးအပါအဝင် ၁၂ ဉီးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်ကြီး ၂ ဉီး၊ အရာခံဗိုလ်  ၁ ဉီးအပါအဝင် ၁၀ ဉီးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုက်ပွဲများအတွင်း ၆၀ မမ စိန်ပြောင်းတစ်လက်၊ လက်နက်ငယ် ၈ လက်နှင့် ခဲယမ်း အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လည်ကလည်း ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်း၊ ဂုတ်ကြီးကျေးရွာအနောက်ဘက်၌ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ပါဝင်သော ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကား  ၁ စီး ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဉီး သေဆုံးခဲ့ကြောင်း PRA မကွေးက ဆိုထားသည်။

ဇန်နဝါရီ ၇ ရက်နေ့ကလည်း ဂုတ်ကြီးရွာမှ ခွန်ဇူကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဉီး သေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။