




မြင်းခြံ၊ မေ ၁၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့မနက်တွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂ ဘက် အကျအဆုံးများခဲ့ကြောင်း သိရသည်။
ယနေ့မနက် ၅ နာရီခန့်မှစ၍ မြင်းခြံခရိုင်အတွင်းရှိ တောင်သာ၊ မြင်းခြံ၊ ငါန်းဇွန်၊ နွားထိုးကြီး စသည့် မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်စခန်းရှိရာ ပစ်မှတ်နေရာအချို့ကို တော်လှန်ရေးတပ်များက တပြိုင်နက် တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခု မြင်းခြံမြို့နယ် ကျောက်ပြုတ်ရွာ တိုက်ပွဲအကြောင်း သတင်းစတင် ကြားသိရခြင်းဖြစ်သည်။
ကျောက်ပြုတ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်များ အကျအဆုံးများသည်ဟု ကနဉီး သတင်းသိရထားသော်လည်း အရေအတွက်အတိအကျကိုမူ မသိရသေးပေ။
အဆိုပါ တိုက်ပွဲတွင် Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မြင်းခြံခရိုင် PDF အမှတ် ၇ တပ်ရင်း မှ ရဲဘော် ၆ ဉီးသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရကြောင်း တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက လူမှုကွန်ရက်မှတဆင့် အသိပေး ရေးသားခဲ့သည်။
“အခြားရဲဘော်တွေတက်လုံးချိန် ကာပစ်နေတဲ့ ရဲဘော်တွေအပေါ် ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ကျဲချခဲ့လို့ ကျနော့်ကလေးတွေကျဆုံးခဲ့ရပြီ” ဟု ကိုသက်ကြီးက ရေးသားထားခြင်းဖြစ်သည်။
ကျဆုံးရဲဘော် ၆ ဉီးမှာ မင်းခန့်၊ ဟိန်းပြည့်သော်၊ ဇံထွန်းသန့် ၊ ဝင်းနိုင်၊ ကျော်ြဖိုးနိုင် တို့ ဖြစ်ပြီး ကျန်တစ်ဉီးကိုတော့ ဖော်ပြထားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ လော်ဘီ တယ်လီဂရမ်ချန်နယ်များကမူ ကျောက်ပြုတ်တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် အလောင်း ၃လောင်းနှင့် သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြလာသည်။
အချို့ နေရာများတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေစဲဖြစ်ကြောင်း သိရသည်။