မြင်းခြံ၊ ဇန်နဝါရီ ၁၂
ယနေ့ မနက်က မန္တလေးတိုင်း မြင်ခြံမြို့နယ် နှင့် တောင်သာအကြားလမ်းပိုင်းတွင် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ၏ ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အသေအပျောက်များခဲ့ကြောင်း သိရသည်။
ယနေ့မနက် ၈ နာရီခွဲခန့်က မြင်းခြံနှင့် တောင်သာအကြားကားလမ်း တိုးဂိတ်နှင့် နတ်စင်အကြားတနေရာတွင် ဒေါ်သီတာယုမွန်တို့၏ ပြည်သူစစ်ယာဉ်တန်း တိုက်ခိုက်ခံရခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များဘက်က တစုံတရာမထုတ်ပြန်လာသေးသော်လည်း စစ်ကောင်စီဘက်က အကျအဆုံးများသည်ဟု စုံစမ်းသိရသည်။
စစ်ကောင်စီတပ်ဘက်က ထွက်ပေါ်လာသောသတင်းအရ ယနေ့မနက် တိုက်ပွဲတွင် ပြည်သူ့စစ် ၄ ဉီး ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် ပါဝင်ခဲ့သော မြင်းခြံခရိုင် PDF တပ်ရင်း ၇ ကမူ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များထံမှ သေနတ် ၁၀ လက်သိမ်းဆည်းရမိကြောင်း သိရသည်။
ယနေ့ တိုက်ပွဲတွင် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ပိတ်မိခဲ့သော်လည်း ပြန်လည်ဖောက်ထွက်သွားနိုင်ခဲ့ကြောင်း စစ်ကောင်စီလော်ဘီချန်နယ်များက ဖော်ပြကြသည်။
ပုံစာ- ယနေ့မနက် တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
