ဖားကန့်ရှိ နေရာအချို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပစ်ခတ်ဗုံးကြဲသဖြင့် အရပ်သားအချို့ သေဆုံး

ဖားကန့်၊ ဇန်နဝါရီ ၁၃

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုအတွင်းရှိ နေရာအချို့ကို ယနေ့မနက်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သွားရာ အရပ်သားပြည်သူအချို့ သေဆုံးကြောင်း ကနဉီးသတင်း သိရသည်။

ယနေ့မနက် ၁၀ နာရီခွဲခန့်က  လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာနှင့် မဇွတ်ယန်ကျေးရွာအနီးရှိ  နေရာအချို့ကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“ပစ်ခံရတဲ့နေရာတွေက လူသွားလူလာရှိနေတဲ့နေရာတွေ” ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ တဉီးက ဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရေမဆေးကျောက်ရှာဖွေရေး လုပ်သားများအပါအဝင် အရပ်သားပြည်သူ ၇ ဉီး ထက်မနည်း သေဆုံးသည်ဟု ကနဉီးသတင်းရရှိထားပြီး အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပေ။

ယမန်နေ့ကလည်း ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော်တခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အရပ်သား ၁၅ ဉီး ခန့် သေဆုံးခဲ့ရသေးသည်။

ပုံစာ- ယနေ့မနက် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုများ