


တမူး၊ မေ ၁၈
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်တွင် လုံခြုံရေးကင်းချထားစဉ် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည့် တမူး ပကဖ ရဲဘော် ၁၀ ဉီး၏ အလောင်းများကို ပြန်လာကောက်ယူရန် အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်ရင်းက အကြောင်းကြားလာခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၁၅ ရက်နေ့ မနက်က တမူးမြို့နယ် ထန်းဇင်ကျေးရွာအနီး မြန်မာ-အိန္ဒိယနယ်စပ်တွင် လုံခြုံရေးကင်းချထားသော တမူး ပကဖ ရဲဘော် ၁၀ ဉီးနှင့် မိခင် တပ်ရင်တို့အကြား အဆက်အသွယ်ပြတ်သွားခဲ့ကြောင်း ၊ ယင်းနောက် အဆိုပါ ပကဖ ရဲဘော် ၁၀ ဉီး၏ အလောင်းကို ပြန်လာကောက်ယူရန် အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်က NUG လက်အောက်ခံ အဖွဲ့အစည်းတစ်ခုထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။
“နယ်စပ်မှာကင်းချထားတဲ့ ပကဖ ရဲဘော်ဆယ်ယောက် အဆက်အသွယ်ပြတ်သွားတယ်။ အဆက်အသွယ်ပြတ်လို့ ရှာနေရင်း အာသံတပ်ကနေ NUG လက်အောက် အဖွဲ့အစည်းကို အလောင်း လာကောက်ပါပြောတယ်။ ဒဏ်ရာအနေ အထားအရ အရှင်ဖမ်းပြီး သတ်ခံရတဲ့သဘောပဲ။ ထုရိုက်ထားတာ။ ဓါးဒဏ်ရာတွေအထိပါ ပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံဘက်အခြမ်းမှ လာသော သတင်းများတွင် အာသံရိုင်ဖယ်တပ်ရင်းနှင့် မြန်မာလက်နက်ကိုင်အဖွဲ့တစ်ခုအကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး အလောင်း ၁၀ လောင်း သိမ်းဆည်းရရှိသည်ဟု ဖော်ပြခဲ့ကြသည်။
အဆိုပါဖြစ်စဉ်မှန်ကန်ကြောင်း အိန္ဒိယစစ်တပ်က ဒေသတွင်း သတင်းမီဒီယာများသို့ အတည်ပြုပြောဆိုထားကြသည်။