
မုံရွာ၊ ဇန်နဝါရီ ၁၉
News Ambassador
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့အခြေစိုက် စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (န.မ.ခ) တွင် တာဝန်ကျသော တပ်သားသစ် ၄ ဉီးသည် တော်လှန်ရေးတပ်ထံသို့ လက်နက်နှင့်တကွ အလင်းဝင်ခဲ့ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းဉပဒေအရ အပတ်စဉ် ၅ တွင် စစ်သင်တန်းဆင်းထားပြီး န.မ.ခ သို့ တာဝန်ကျသော အဆိုပါ စစ်ကောင်စီတပ်သားသစ် ၄ ဉီးသည် ဇန်နဝါရီ ၁၈ ရက်နေ့ မနက် ၅ နာရီခန့်က ထွက်ပြေးလာခဲ့ပြီး ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်းနှင့် တွေ့ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်သားသစ် ၄ ဉီးသည် ရှမ်းပြည်ဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ထွက်ခွာလာစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းသို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်များ၏ ထွက်ဆိုချက်အပေါ် ULF စစ်ကြောင်း က သတင်းထုတ်ပြန်လာသည်။
“အဖွဲ့အစည်းကို ဘယ်လိုအကြောင်းကြားရမှန်းမသိတော့ လက်နက်တွေဖွက်ပြီး အရပ်သားပုံစံနဲ့ လာကြတယ်။ ပြီးမှ ရဲဘော်တွေနဲ့ တွေ့ပြီး သိမ်းခဲ့တဲ့ လက်နက်တွေ ပြန်ရှာရတယ်။ ဘာပဲ ဖြစ်ဖြစ် အလင်းဝင်လာသူတွေကို ကျွန်ုပ်တို့ ULF စစ်ကြောင်းမှ နွေးထွေးစွာကြိုဆိုပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်သားသစ် ၄ ဉီးမှာ ကျော်မျိုးထွန်း ၊ ကျော်ကျော်ဖြိုး ၊ ရဲရင့်ပိုင် နှင့် အေးမင်းထွန်း တို့ဖြစ်ကြပြီး ရန်ကုန်မြို့ နှင့် ဟင်္သာတမြို့များမှ ဖြစ်ကြောင်း သိရသည်။
အလင်းဝင်လာသူများကို တစ်ဦးလျှင် ငွေသား ကျပ်သိန်း ၃၀ စီ ချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာကျေးမွေးစောင့်ရှောက်ထားကာ နောက်ပိုင်းတွင် မိသားစု၊ ဆွေမျိုးများနှင့် တွေ့ဆုံနိုင်သည်အထိ လုပ်ဆောင်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
