စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိဟု TNLA ကြေညာ

လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA က ယနေ့ ထုတ်ပြန်ကြေညာလာသည်။

နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီ၏ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်သော တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာခံစားနေရသော ဒေသခံပြည်သူများ၏ အကျိုးကို ငှဲ့ညှာထောက်ထား၍လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍လည်းကောင်း၊ နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိသည်ဟု TNLA က ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြခဲ့သည်။

မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့် အ‌ခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကို ဖြေရှင်းရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အမြဲအဆင်သင့်ရှိသည်ဟုလည်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

သို့သော် မည်သို့မည်ပုံ မည်သည့်နည်းလမ်းဖြင့်ဆွေးနွေးမည်ကိုတော့ ဖော်ပြထားခြင်း မရှိသေးပေ။

စစ်ကောင်စီကို တိုက်ခိုက်သည်ဟုဆိုကာ တရုတ်ဘက်က နယ်စပ်ရှိ ညီနောင်မဟာမိတ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားရာ နယ်စပ်ဂိတ်များကို ပိတ်ဆို့၍ ဖြတ်လေးဖြတ်လုပ်ထားခြင်းဖြစ်သည်။ ယင်းသို့ ပြုလုပ်လျက်ရှိသလို တဖက်တွင်လည်း ဖိအားပေးပြောဆိုမှုများ ပြုလုပ်နေချိန်တွင် TNLA ၏ ယခု သဘောထားထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။