
ရွှေကျင်၊ မေ ၁၁
ပြီးခဲ့သည့် မေလ (၈)ရက်နေ့က ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ ပွိုင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ (၈၃) လက် ၊ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီအလောင်း ၃၀ နှင့် စစ်သုံ့ပန်း ၆ ဉီး ၊ တပ်မိသားစုဝင် ၇ ဉီးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွါထွက်ပြေးသွားခဲ့ကြောင်း ဆိုထားသည်။
သို့သော် နောက်တစ်ရက်တွင် စစ်ကောင်စီတပ်ဘက်က ခမရ ၅၉၈ ကို ပြန်လည်တိုက်ခိုက်ယူမည်ဟု ထင်ရသော အင်အားစုဖွဲ့မှုနှင့် လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သေးကြောင်း တော်လှန်ရေးရဲဘော် အချို့ထံမှ သိရသည်။
ခမရ ၅၉၈ စစ်ဆင်ရေးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရန်ကုန်တိုင်းအထူးချေမှုန်းရေးတပ်ဖွဲ့ ၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ(၂၀)မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြောင်း ဆိုထားသည်။
အလားတူ KNU တပ်မဟာ(၃)၊ တပ်ရင်း(၇)နှင့် ဒရုန်းအဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဘက်မှလည်း အကျအဆုံးများပြားခဲ့သည်ဟု သိရပြီး အရေအတွက် အတိအကျကိုတော့ သတင်းထုတ်ပြန်လာခြင်း မရှိသေးပေ။