ကပစ-၁၃ မှ ဗိုလ်မှူးနှင့်အဖွဲ့ကို နေပြည်တော်လမ်းပိုင်း တနေရာတွင် ဖမ်းဆီးရရှိပြီး တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း PLA ကြေညာ

နေပြည်တော်၊ ဧပြီ ၂၁

စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် ၁၃ ( ကပစ ၁၃ ) မှ ဗိုလ်မှူးနှင့်အဖွဲ့ကို ဧပြီ ၁၉ ရက်နေ့က နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း  OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်လာသည်။

အဆိုပါလမ်းပိုင်းအား ထိန်းချုပ်စစ်ဆေးစဥ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ဖြိုးမင်းကျော် (ပြန်တမ်းဝင်အမှတ် ကြည်း – ၄၆—၊ အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်)၊ တပ်ကြပ် အောင်ဇော်နိုင် (တ – ၂၁—-၊ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၃) တပ်ခွဲ) နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံ တို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိန်းချုပ်နေရာမှ ပြန်လည်ဆုတ်ခွာပြီးအပြန်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိထားသော ဗိုလ်မှူးနှင့်အဖွဲ့သည် အဆိုပါတိုက်ပွဲအတွင်း ​ေ-သဆုံးခဲ့ကြောင်း ဆိုထားသည်။

အဆိုပါ ဗိုလ်မှူးနှင့် အဖွဲ့ထံမှ စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ၊ ငွေကြေးများ အပါအဝင် ကာလတန်ဖိုး ကျပ်သိန်းနှစ်ထောင်ကျော် သိမ်းဆည်းနိုင်ခဲ့ကြောင်းပါ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ဖြစ်စဉ်အတွင်း OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော် မှ ရဲဘော်များအားလုံး အထိအခိုက်မရှိဘဲ အောင်မြင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *