ဉပဒေပညာရှင် ဉီးအောင်ထူး နှင့် တွေ့ဆုံမေးမြန်းခြင်း

………..မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲဆိုတာကို တရုတ်အပါအဝင် တစ်ကမ္ဘာလုံးကို ပြဖို့လိုအပ်လာတယ်…..……”

မေးခွန်း။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းမြောက်မှာ KIA နဲ့ TNLA တို့အကြား မြေပြင်မှာ နယ်မြေအငြင်းပွားမှုဖြစ်တယ်။ ပြဿနာက ကြီးကျယ်ခဲ့ပေမယ့် တဖက်နဲ့တဖက် ကိုယ်လူကိုယ်ထိန်းလိုက်တာ မြင်ရတယ်။ ပြဿနာကို ဘယ်လိုဖြေရှင်းလိုက်တယ်လို့ သုံးသပ်လို့ရမလဲ။ ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကိုလည်း သုံးသပ်ပေးပါ။

ဖြေ။ ။ ဒီပြဿနာကိုကြည့်ရင် ယာယီနည်းနဲ့ ဖြေရှင်းလိုက်တာပဲ။ သို့သော် အဲ့ဒီသဘောက ခိုင်မာတဲ့ နောက်ခံစာချုပ်ရှိတယ်။ ၁၉၇၆ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာချုပ်တဲ့  KIA နဲ့ PSLF အကြားက ညီညွှတ်ရေး မဟာမိတ်စာချုပ်ဆိုတာ ရှိတယ်။ အဲ့ဒီမှာပါတဲ့အတိုင်းပဲ မဟာမိတ်အဖြစ် ခိုင်ခိုင်မာမာကိုင်ဆွဲပြီး အဖွဲ့အစည်းကြားဖြစ်ပေါ်လာတဲ့ မည်သည့်ပဋိပက္ခကိုမဆို မိတ်ဖက်ပဋိပက္ခဖြေရှင်းနည်းဖြင့်သာ ဖြေရှင်းသွားမည်ဆိုတဲ့ အခြေခံပေါ်ကနေ ၂ ဖက်စလုံး လိုက်နာနေကြတယ်။ ဒါက အင်မတန်ကောင်းတဲ့ စာချုပ်ဖြစ်ပြီး စာချုပ်အတိုင်း ဖော်ဆောင်သွားတယ်လို့ ကျနော်နားလည်ထားတယ်။

အဓိကအားဖြင့် KIA နဲ့ TNLA အကြားမှာ နယ်မြေချင်းထပ်နေတာက အဓိကဖြစ်တယ်။ နယ်မြေချင်းထပ်နေတဲ့အချိန်မှာ သမိုင်းကြောင်းအရ ဘာသွားထပ်တာလဲဆိုတော့ TNLA လှုပ်ရှားစိုးမိုးထားတဲ့နယ်မြေက သမိုင်းမှာ Kachin Sub State ဆိုပြီး ထင်ရှားခဲ့တဲ့ နယ်မြေလည်းဖြစ်တယ်။ အဲ့ဒီတော့ တအန်းကလည်း တစ်ချိန်းတည်းမှာ အဲ့ဒါကို ပြည်နယ်တောင်းတယ်။ ဒါက ရှမ်းတိုင်းရင်းသားတွေ ရှမ်းအဖွဲ့အစည်းခေါင်းဆောင်တွေလည်း ပါဝင်စဉ်းစားဖို့လိုတယ်။ ဒါ ကျနော်တို့ အဖွဲ့အစည်းက အဆိုပြုတဲ့ Idea နော်။ တအန်းကို ပြည်နယ်ပေးလိုက်။ အဲ့ဒီအထဲမှာရှိတဲ့ ကချင်တွေအများစုနေတဲ့ တအန်းတွေရော ရှမ်းတွေရောနေခဲ့တဲ့နေရာက သမိုင်းကြောင်းမှာ ရှမ်းစော်ဘွားကြီးက သတ်မှတ်ပေးခဲ့တဲ့ Kachin Sub State အဖြစ် အသိအမှတ်ပြုပေးလိုက်။ A Part of Ta-ang Province ပေါ့။ တအန်းပြည်နယ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ Kachin Sub State ကိုပေးလိုက်ရင် ပြဿနာဖြေရှင်းဖို့ရနိုင်ဖို့ တော်တော်လေးကို အလားအလာ ရှိသွားမယ်။ အဲ့ဒါကို သက်ဆိုင်ရာ ပြည်နယ် ၂ ခုရဲ့ ပြည်နယ်ဖွဲ့စည်းပုံထဲမှာ ဘယ်လိုရေးမယ်ဆိုတာ ညှိနှိုင်းရေးပြီးတော့ ဖက်ဒရယ်ဖွဲ့စည်းပုံ နောက်ခံကနေဖြေရှင်းရင် ဖြေရှင်းလို့ရနိုင်တယ်။

မေးခွန်း။ ။ နွေဉီးတော်လှန်ရေး ၄ နှစ်အတွင်းမှာ တော်လှန်ရေးတပ်တွေဘက်က မြို့ပေါင်း ၉၀ ကျော် သိမ်းနိုင်ခဲ့တယ်။ နယ်မြေစိုးမိုးမှုတွေများလာသလို တော်လှန်ရေးတပ်တွေအချင်းချင်းကြားက နယ်မြေအငြင်းပွားမှုတွေ တစတစထွက်ပေါ်လာတယ်။ ဉပမာ ချင်းပြည်ထဲက ပလက်ဝနဲ့ပတ်သက်ပြီး အငြင်းပွားတာမျိုး၊ ချင်းမှာ မတိုက်ရသေးတဲ့မြို့ကို သူတိုက်မယ် ငါတိုက်မယ် လုကြတာမျိုး၊ ရှမ်းမြောက်က ကိစ္စမျိုးတွေ။  ဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။  

ဖြေ။ ။ ကျနော် ထင်တာကတော့ ပလက်ဝကို AA က ရာသတ်ပန် သိမ်းထားမှာမဟုတ်ဘူး။ စစ်အာဏာရှင် အမြစ်ပြတ်ပြီးရင် သူ့ရခိုင်ပြည် သူပြန်နေမှာပဲ။ အဲ့ဒီလို ကျနော်နားလည်တယ်။ ပလက်ဝက အရင်းခံပြဿနာ မဟုတ်ဘူး။ အရင်းခံပြဿနာက CNF/CNA နဲ့ Chin BrotherHood ကိစ္စ။ အဲ့ဒီပြဿနာကလည်းပဲ တစ်ကယ်လို့သာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်အောင်တိုက်နိုင်ပြီဆိုရင် အဲ့ဒီပြဿနာကလည်း ရှင်းလို့ရတယ်။ အဓိက ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတော့ တစ်ဖက်က AA ရဲ့ စစ်ရေးစဉ်းစားချက်က တစ်မျိုးဖြစ်နေတယ်။ အဲ့ဒီ စစ်ရေးစဉ်းစားချက်ကို ချင်းညီနောင်အဖွဲ့က လက်ခံပြီး ပူးပေါင်းဆောင်ရွက်တယ်။ CNF/CNA ရဲ့ နိုင်ငံရေးစဉ်းစားချက်က တစ်မျိုးဖြစ်တယ်။ အဲ့ဒီ ၂ ခုက လောလောဆယ် ညှိရတာအခက်အခဲဖြစ်တယ်။ ညှိလို့ရမယ်လို့ ကျနော် ယုံကြည်တယ်။

ကျန်တဲ့နေရာတွေပြောမယ်ဆို မွန်နဲ့ကရင်ကြားထဲမှာ ။ ဒါလည်း ရှင်းလို့ရတယ်။ ကျနော်တို့ ၈၈၈၈ တုန်းက တောထဲမှာ KNU နဲ့ မွန်ပြည်သစ်ပါတီက အကြီးအကျယ်စစ်ဖြစ်တယ်။ နယ်မြေအငြင်းပွားကြရင်း စစ်ဖြစ်ကြတယ်။ အဲ့ဒီတုန်းက မွန်ပြည်သစ်ပါတီဉက္ဌဌက နိုင်ရွှေကျင်၊ သူက ကျနော့ကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ကိုအောင်ထူးရေ ငါတို့ ကရင်ကိုချတာ ငါတို့ ဆယ်နှစ်စုထားတဲ့ လက်နက်ကြီးတွေ အကုန်ကုန်တာပဲတဲ့။ အဲ့ဒီပြဿနာကို အခုထက်ရှိ မရှင်းနိုင်သေးတာကတော့ သက်ဆိုင်ရာအဖွဲ့အစည်း ၂ ခုစလုံးမှာ တာဝန်ရှိတယ်။ ဘာ့ကြောင့်ဖြစ်တာလဲဆိုတော့ နယ်မြေစိုးမိုးရေးပြဿနာကို သမိုင်းကြောင်းကိုလည်းမကြည့်၊ လက်တွေ့အခြေခံကနေလည်း စဉ်းစားဆုံးဖြတ်တာမဟုတ်၊ အထူးသဖြင့် ဉပ‌ဒေစိုးမိုးရေးလမ်းကြောင်းကို မတက်နိုင်ဘူး။ ဖက်ဒရယ်နိုင်ငံတွေမှာ အခြေခံသုံးမျိုးရှိတယ်။ နံပါတ် ၁ က ပြဿနာဖြစ်လာရင် ညှိနှိုင်းဆွေးနွေးဖြေရှင်း၊ ခင်ဗျားတို့အချင်းချင်း ညှိနှိုင်းဆွေးနွေးဖြေရှင်းလို့မရရင် လူထုဆန္ဒခံယူပွဲကျင်းပ၊ အဲ့ဒါမှမရရင် ဖက်ဒရယ်တရားလွှတ်တော်ချုပ်ကိုတက်။ အဲ့ဒီဆုံးဖြတ်ချက်ကို အပြီးသတ်နာခံ။ ဒီအတိုင်း သွားနေကြတာပဲ။ အမေရိကန်ကြည့်မလား။ ဩစတျေးလျ ၊ ဂျာမနီ ၊ ဒီအခြေခံနဲ့ပဲသွားနေတာ။ ဆိုတော့ ဒီအခြေခံကို ခုနကပြောတဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ အဓိက လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေက အခုထက်ထိမကျင့်သုံးကြသေးဘူး။ အခုတော့ ဒါကြီးက ခဏငြိမ်နေတယ်။ ဒါပေမဲ့ ထပ်ပေါ်ဉီးမှာပဲ။

နောက် ကျန်တဲ့နေရာတွေ စစ်ကိုင်း၊ မကွေး မန္တလေး တနင်္သာရီ နဲ့ ဧရာဝတီ တို့ရှိတယ်။ အဲ့ဒီနေရာတွေက မူလအရင်းခံ အခြေချတော်လှန်ရေးအဖွဲ့အစည်းတွေ ချထားခဲ့ကြတာ မရှိဘူး။ မျှော်မှန်းချက်တော့ရှိတယ်။ ကိုယ်တိုင် အခြေချပြီး ဒါငါ့နယ်မြေဆိုတဲ့ မူရင်းအဖွဲ့အစည်းကြီးတွေ မရှိဘူး။ ၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းတော့ ငြိမ်းချမ်းစွာဆန္ဒပြလို့မရတဲ့ လူငယ်တွေက လက်နက်ကိုင်ဆွဲဝင်တဲ့အခါ အဲ့ဒီဒေသတွေမှာ တော်တော်များများပြန်ပေါ်လာတယ်။ ဆိုလိုချင်တာက လက်နက်ကိုင်တော်လှန်ရေးရှုထောင့်ကကြည့်ရင် အဲ့ဒါတွေက နယ်မြေသစ်တွေဖြစ်တယ်။ အဲ့ဒီမှာ နယ်မြေစိုးမိုးဖို့ကြိုးစားတယ်။ သူတို့စိုးမိုးတဲ့နယ်မြေတွေမှာ အခွန်ကောက်တယ်၊ စစ်သားစုဆောင်းတယ်။ မြေယာတွေကို စီမံခန့်ခွဲတယ်။ ကုမ္ပဏီတွေကို လုပ်ငန်းလိုင်စင်တွေချပေးတယ်။ အဲ့ဒီတော့ သူတို့က အစိုးရတစ်ရပ်လုပ်ရမယ့် လုပ်ငန်းမျိုးတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေက လုပ်လာကြတဲ့အခါ တဖက်ကတော့ သူတို့ လက်နက်ကိုင် တော်လှန်ရေးအတွက် အထောက်အပံ့ရတယ်လို့ ဆိုနိုင်တယ်။ အခြားတစ်ဖက်က ဘာတွေစိုးရိန်စရာ ဖြစ်လာလဲဆိုတော့ ဒီလိုရရှိတဲ့အပေါ်မှာ သာယာတာတွေရှိလာတယ်။ တဖက်ကလည်း အကျင့်ပျက်ချစားမှုတွေ ရှိနိုင်တယ်။ နယ်မြေချင်းထပ်နေတဲ့ နေရာမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်တွေ အကုန်လုံးစုစည်းပြီးတော့ စုပေါင်းဘဏ္ဍာငွေလက်ခံပြီးတော့ စနစ်တကျသုံးတာ မရှိဘူးလို့ သုံးသပ်ရတယ်။ စုပေါင်းတိုက်တာရှိရင်ရှိမယ်။ ဒါပေမဲ့ ဘဏ္ဍာရေးကတော့ ကိုယ့်ဟာကိုယ်ရှာတယ်။ အဲ့ဒါက သူတို့အချင်းချင်းကြားမှာ ပြဿနာဖြစ်ပေါ်စေသလို မကောင်းတဲ့ဘက်ကိုလည်း ရောက်သွားမှာလည်း စိုးရိမ်ရတယ်။ တချို့ရောက်နေပြီဆိုတဲ့ သတင်းတွေ ကြားရတာလည်း စိတ်မကောင်းစရာပဲ။ အဲ့ဒါတွေကြောင့်ဖြစ်တာပဲလို့ ပြောပါရစေ။

မေးခွန်း။ ။ မြန်မာနိုင်ငံမှာ နွေဉီးတော်လှန်ရေးမတိုင်ခင်ကတည်းက ERO တွေမှာ သူတို့ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေ အသီးသီးရှိထားပြီးသားဖြစ်တယ်။ ဉပမ နာဂဆိုရင် သီးသန့်နိုင်ငံ ထူထောင်ချင်တဲ့ နိုင်ငံရေးရည်မှန်းချက် ရှိတယ်။ တချို့က ပြည်နယ်အဆင့် ရည်မှန်းချက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရည်မှန်းချက်တွေ ရှိကြတယ်ပေါ့နော်။ ဒါပေမဲ့ သူ့နယ်ကိုယ့်နယ် အသီးသီးသတ်မှတ်နေတဲ့ ဒေသတွေမှာက လူမျိုးပေါင်းစုံရောပြီး နေထိုင်ကြတယ်။  နောက်တစ်ချိန်မှာ ဒီပြဿနာတွေကကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းတာက အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဆေးကုသလိုပေါ့နော်။ ဆေးတစ်မယ်တည်းနဲ့ ရောဂါအကုန်လုံးကို ကုနိုင်မယ်ဆိုတာကတော့ မရှိနိုင်ဘူး။ သူ့ဒေသရဲ့ထူးခြားချက်၊ သူ့သမိုင်းကြောင်းရဲ့ထူးခြားချက်၊ သူ့လက်တွေ့ မြေပြင်ကထူးခြားချက်တွေအပေါ် မူတည်ပြီးတော့ ဘယ်ပြဿနာကိုဘယ်လိုရှင်းမလဲ။ အခြေခံကတော့လိုတာပေါ့။

နာဂကိစ္စကိုပြောရင် အခြေအနေ ၂ ခုနောက်ခံကနေ စဉ်းစားဖို့လိုတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံ။ ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်ခက်တယ်။ အိန္ဒိယရဲ့ အရှေ့မြောက်ပြည်နယ်ရဲ့ စိုးရိမ်ချက်ထဲမှာ အဲ့ဒါတွေလည်းပါတယ်။ အိန္ဒိကဆီကနေ ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ဖို့ဆိုတာ တော်တော့်ကိုခက်တယ်။ မြန်မာနိုင်ငံခွဲထွက်မယ်။ အဲ့ဒါလည်း ခက်တာပဲ။ သီးခြားနိုင်ငံထူထောင်ရေးဆိုတာ အိန္ဒိယဘက်ကအခြမ်းရော မြန်မာဘက်က အခြမ်းရော ၂ ခုလုံးကို သီးခြားနိုင်ငံထူထောင်ရေးဆိုတာ နိုင်ငံ ၂ ခုစလုံးရဲ့နောက်ခံကိုက အခက်အခဲဖြစ်ထားပြီးသားဆိုတော့ ဒီ ၂ ခုပေါင်းဖို့ဆိုတာ ပိုခက်တယ်။

နောက် ကရင်နီမှာ ကယန်းပြည်နယ်ဆိုတာ။ ကယန်းက ကရင်နီရဲ့လူမျိုးတစ်ရပ်ပဲလေ။ အဲ့ဒါကို ဘာနဲ့ချဉ်းကပ်ရမလဲဆိုတော့ Minority within Minority ဆိုတာရှိတယ်။ ကရင်နီက မှန်တယ် လူနည်းစုပဲ။ အဲ့ဒီလူနည်းစုကြားထဲမှာ ထပ်ပြီး လူနည်းစုတွေရှိသေးတယ်။ အဲ့ဒါကို ဖြေရှင်းနည်းရှိတယ်။ လူနည်းစုထဲက လူနည်းစုတွေဟာ ဘယ်လိုအခွင့်အရေးမျိုးရသင့်တယ်ဆိုတဲ့ ချဉ်းကပ်ပုံသပ်သပ်ရှိတယ်။ အခုလောလောဆယ် ကရင်နီက ကောင်စီနဲ့သွားတာ ။ ဖွဲ့စည်းပုံလမ်းကြောင်းကို မတက်သေးဘူး။ ဖွဲ့စည်းပုံလမ်းကြောင်းကို တက်ပြီဆိုရင် ကရင်နီထဲမှာရှိတဲ့ ကယန်းအပါအဝင် တခြား Minority တွေရဲ့အခွင့်အရေးကို ဘယ်လိုပေးမလဲဆိုတာကို စဉ်းစားရတော့မယ်။ အဲ့ဒီအခါ လွှတ်တော် ၂ ရပ်ဖြစ်လာနိုင်တယ်။ ပထမလွှတ်တော်က ကရင်နီပြည်ထဲမှာရှိတဲ့ လွှမ်းခြုံတဲ့ လူမျိုးအကုန်လုံးကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော်ဖြစ်သွားမယ်။ ဒုတိယလွှတ်တော်က ကရင်နီပြည်ထဲမှာရှိတဲ့ လူမျိုးစုငယ်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ဖြစ်သွားနိုင်တယ်။ လက်တွေ့အရပြောရင် အောက်လွှတ်တော်နဲ့အထက်လွှတ်တော် ။ အဲ့ဒီတော့ အစိုးရအဓိက ဖွဲ့စည်းမယ့် အောက်လွှတ်တော်ထဲမှာ လူမျိုးစုငယ်တွေရဲ့ မဲဆန္ဒတွေအပေါ်မှာ အခြေခံပြီးတော့ ရသလောက်လူဉီးရေလည်း ပါသွားနိုင်တယ်။ အနည်းဆုံးကတော့ အထက်လွှတ်တော်လို့ပြောလို့ရတဲ့ အဲ့ဒီပြည်နယ်ရဲ့ လူမျိုးစုလွှတ်တော်ထဲမှာတော့ လူမျိုးစုငယ်တွေကိုပဲ ကိုယ်စားပြုပြီးတော့မှ အဲ့ဒီမှာ တက်ခွင့်ပေးတာမျိုးနဲ့ ရှင်းလို့ရနိုင်တယ်။ ဆိုလိုတာကတော့ sub state လား၊ Local Government လားပေါ့။ အဲ့ဒါတွေကို ဖွဲ့စည်းပုံနဲ့ ဖန်တီးရမယ်။ အဓိကက ဖက်ဒရယ်တစ်ခုလုံးမှာဖြစ်စေ ပြည်နယ်တစ်ခုချင်းစီမှာဖြစ်စေ ချဉ်းကပ်တဲ့အခါ concert ကို ပြောင်းရတော့မယ်။ ဗဟိုက အဓိကဖြစ်ပြီးတော့ ဗဟိုကပဲ အဓိကလည်ပတ်တယ်၊ ဘဏ္ဍာငွေ၊ မြေယာ၊ သဘာဝသယံဇာတတွေ ၊ လူသားရင်းမြစ်တွေ အကုန်လုံးကိုဗဟိုကပဲ ကိုင်ထားတယ်ဆိုတဲ့ concert က အများကြီးလျော့ချလိုက်လို့ရပြီ။ ဗဟိုချုပ်ကိုင်မှုကို ထိန်းချုပ်လို့ရတဲ့ အခြေအနေလောက်ပဲ ဗဟိုက အာဏာယူထားသင့်ပြီးတော့ အဓိက ပြည်ထောင်စုဖွဲ့စည်းရာမှာ ပါဝင်သော ယူနစ်တွေ ပြည်နယ်တွေက ဖက်ဒရယ်ပြည်ထောင်စုကို အဓိက လည်ပတ်ရတော့မယ်။ အဲ့ဒါကို အခုက button up ဆိုပြီး သုံးနေကြတယ်။ အဲ့ဒီတော့ ပြည်နယ်တွေက ဖက်ဒရယ်ကို အဓိက လည်ပတ်မယ်။ လည်ပတ်တော့ ဘာဖြစ်လဲဆိုတော့ ပြည်နယ်အစိုးရတွေက ဗဟိုအစိုးရနဲ့တိုက်ရိုက်ဆက်ဆံရေးရှိမယ်။ တစ်ချိန်တည်းမှာ ပြည်နယ်တွေက အခြားပြည်နယ်များနဲ့ ဆက်ဆံသွားမယ်။ သက်ဆိုင်ရာပြည်နယ်အတွင်းမှာ ပြည်နယ်အစိုးရ ငွေကြေးနဲ့ ဖွဲ့ဖြိုးရေးကိစ္စတွေကို အဓိက မလုပ်နဲ့။ Local Government တွေကို ဖွဲ့စည်းပုံနဲ့အညီ သတ်မှတ်ပေးတဲ့အပြင်  ခုနက Minority within Minority ပြဿနာကို အဲ့ဒီမှာ ရှင်းရမယ်။ လူမျိုးဘယ်လောက်ပဲရှိရှိ ရှင်းလို့ရတယ်။ Local Government တွေကို အဓိက လူထုရဲ့ ပညာရေး ကျန်းမာရေး စီးပွား တိုးတက်ဖွဲ့ဖြိုးရေးကိစ္စတွေကို လုပ်ပိုင်ခွင့်ပိုပေးလိုက်။ ဘတ်ဂျက်တွေ ပိုပေးလိုက်။ အဲ့ဒီမှာ လူမျိုးငယ်တွေကို နေရာပိုပေးလိုက်။

နောက်တစ်ခု က သီးသန့် လွတ်လပ်တဲ့နိုင်ငံ ထူထောင်ချင်တယ်ဆိုတဲ့ကိစ္စ။ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာဟာ ခွဲထွက်ခွင့်မပါဘူး သီးခြားနိုင်ငံထူထောင်ခွင့်မရှိဘူးလို့ နိုင်ငံတကာဉပဒေအရ ပိတ်ပင်ထားတာမရှိဘူး။ Direct of subdetermination ဆိုတာ ခွဲထွက်ခွင့်ပါတယ် သီးခြားနိုင်ငံထူထောင်ခွင့်ရှိတယ်လို့လည်း နိုင်ငံတကာဉပဒေက ပြဌာန်းမထားဘူး။ အဲ့ဒါက နိုင်ငံရေးပြဿနာအဓိကဖြစ်တယ်။ နိုင်ငံရေးရှူထောင့်ကပဲ စဉ်းစားရမယ်။ ငါတို့ သီးခြားနိုင်ငံထူထောင်မလား၊ ဒါမှမဟုတ် သီးခြားနိုင်ငံထူထောင်ခွင့်ကို စွန့်လွှတ်ပြီးတော့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖက်ဒရယ်နိုင်ငံထဲမှာ အမြင့်ဆုံးကျင့်သုံးတဲ့လမ်းကြောင်းကို သွားမလားဆိုတာ သက်ဆိုင်ရာပြည်နယ်က လူထုတွေ နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေးအရ အဓိက စဉ်းစားရမယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဉပဒေမှာတော့ ခွဲထွက်ခွင့်ပေးထားတယ်။ အဲ့ဒီတော့ သက်ဆိုင်ရာပြည်နယ်ထဲမှာ ရှိတဲ့ ပြည်သူတွေရဲ့သဘောပဲ။

လက်တွေ့အရ ဒီကနေ့မြန်မာနိုင်ငံမှာ ဒီလောက်ကြီးတဲ့ စစ်အင်အားကိုကိုင်ထားတဲ့ ပြည်နယ်ဖြစ်စေ အခုလောလောဆယ် အချိန်မှာ သီးခြားနိုင်ငံကို လက်တွေ့ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင်ကို ခက်တယ်။ ဘာကြောင့်လဲဆိုတော့ သီးခြားနိုင်ငံသွားချင်ရင် စစ်အာဏာရှင်စနစ်ကို အရင်းရှင်းရမယ်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြုတ်ရှင်းရမယ်။ စစ်အာဏာရှင်တွေက တစ်ထောင့်ထောင့်မှာ အသက်ရှင်နေပြီးတော့ လုံခြုံရေးကိုခြိမ်းခြောက်နိုင်တဲ့ ကာလပတ်လုံး လေယာဉ်ပျံကိုသုံး၍ဖြစ်စေ အခြားနည်းကိုသုံး၍ဖြစ်စေ သီးခြားနိုင်ငံထူထောင်ဖို့ ကြိုးစားနေတဲ့ ပြည်နယ်ကို ခြိမ်းခြောက်နိုင်နေတဲ့ ကာလပတ်လုံး ဘယ်နိုင်ငံမှ အဲ့ဒီခွဲထွက်မယ့် ပြည်နယ်ကို အသိအမှတ်ပြုမှာမဟုတ်ဘူး။ နိုင်ငံတကာဉပဒေမှာ ရှိတယ်။ အင်္ဂါရပ် ၄ ရပ်ပြည့်စုံမှ နိုင်ငံရဲ့ အသွင်လက္ခဏာဖြစ်တယ်။ နိုင်ငံတကာက အဲ့ဒီယူနစ်ကို အသိအမှတ်ပြုမယ်။ ကုလသမဂ္ဂမှာလျှောက်ထားလို့ နေရာရနိုင်တဲ့ အနေအထားရှိတယ်။ အဲ့ဒီ ၄ ချက်က ဘာလဲဆိုတော့ နံပါတ် ၁ အချက်က လူထုရှိရမယ်၊ လူဉီးရေးရှိရမယ်၊ နောက်တစ်ခု နယ်မြေရှိရမယ်၊ အစိုးရရှိရမယ်။ နိုင်ငံတကာနဲ့ဆက်ဆံနိုင်တဲ့စွမ်းရည် တစ်နည်းအားဖြင့် အချုပ်အချာအာဏာရှိရမယ်။ ဒီ ၄ ချက်နဲ့ ပြည့်စုံမှ ကိုယ်က လွတ်လပ်တဲ့နိုင်ငံကို မျှော်မှန်းဖော်ဆောင်လို့ရမယ်။

ကိုယ့်ဧရိယာထဲမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံကို အဲ့ဒီလူထုတွေက သီးသန့်လွတ်လပ်တဲ့နိုင်ငံထူထောင်ဖို့ သဘောတူပြီလား။ သတ်မှတ်တဲ့နယ်မြေ အတိအကျရှိပြီလား။ အဲ့ဒီမှာနေတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက လက်ခံအသိအမှတ်ပြုတဲ့ အစိုးရရှိပြီလား။ အဲ့ဒီတော့ နိုင်ငံတကာနဲ့ဆက်ဆံတဲ့စွမ်းရည်ဆိုတာက လူရဲ့ capacity အစိုးရရဲ့ Capicity လည်းပါတယ်။ တချိန်တည်းမှာ ခင်ဗျားရဲ့နယ်မြေကို လွတ်လပ်ပြီဆိုတဲ့ဟာကို ခင်ဗျားပြနိုင်ဖို့လိုတယ်။ ဉပမာ ခင်ဗျားထောင်တဲ့နယ်မြေထဲကို တခြားနိုင်ငံခေါင်းဆောင်တစ်ယောက်က လာလည်မယ်။ ကျနော်လေယာဉ်ပျံနဲ့လာမယ်။ ခင်ဗျားမှာ လေယာဉ်ကွင်းရှိပြီလား။ အဲ့ဒီလေယာဉ်ပျံကွင်းကို ခင်ဗျား ကာကွယ်စောင့်ရှောက်ထားနိုင်ပြီလား ၊ ဘယ်ပြင်ပရန်သူတစ်ယောက်ကမှ လက်ဖျားနဲ့တောင် လာမတို့အောင် ဗုံးတစ်စက်မကျအောင် ၊ အမြှောက်တစ်ချက်မကျအောင် ခင်ဗျားကာကွယ်နိုင်ပြီလား။ နိုင်ငံတကာက ဒီလိုကြည့်တာလေ။ တော်လှန်ရေးတပ်တွေအကုန်လုံးကို ဆိုလိုတာ။ ဘယ်ခုခံစစ်အဖွဲ့က တိုက်အင်အား ဘယ်နှစ်သောင်းပဲရှိရှိ အဲ့ဒီအခြေအနေနဲ့ ဘယ်ပြည်နယ်မှာမှ မပြည့်စုံဘူး။ ခင်ဗျား စစ်ကောင်စီက တစ်ချက် ၊ ပြောမတက်ဘူးလေ။ နောက်ပိုင်း ဒုံးပျံပါထွက်ရင်ထွက်မှာ။ မင်းအောင်လှိုင်က ယုံကြည်ရတာမဟုတ်ဘူး။ ရက်စက်တဲ့နေရာမှာ ကမ်းကုန်နေပြီလေ။ တချက်ပဲ ဒုံးပျံလွှတ်လိုက်။ လွှတ်လိုက်တဲ့ ဒုံးပျံကို အော်တိုမစ်တစ်ကာကွယ်နိုင်တဲ့ ယန္တရား တပ်ထားနိုင်ပြီလား။ လောလောဆယ်မရှိနိုင်ဘူးလေ။ ဒီအင်အားစုတွေကို ချိုးနှိမ်ပြောတာ လုံးဝမဟုတ်ဘူးနော်။ ဒါပေမဲ့ နိုင်ငံတကာ ဉပဒေရဲ့ အခြေခံသဘောကိုပြောပြတာ ။ အဲ့ဒီလိုမျိုး နိုင်ငံတစ်နိုင်ငံက ခေါင်းဆောင် ခင်ဗျားတို့ဆီလာလည်မယ်။ လုံလောက်တဲ့ ကွင်းအကျယ်အဝန်းနဲ့ နိုင်ငံတကာလေဆိပ်ရှိပြီလား ။ သူ့လုံခြုံရေးကို ခင်ဗျားတို့ ကာကွယ်နိုင်ပြီလား။ အဲ့ဒီလိုအခြေအနေမျိုးနဲ့ ခင်ဗျားတို့ဟာ လွတ်လပ်တဲ့နိုင်ငံကို တည်ထောင်နိုင်တယ်ဆိုတာ သက်သေပြဖို့လိုလာပြီ။ အဲ့ဒါဆို သီးခြားနိုင်ငံထူထောင်ခွင့် ရှိသွားနိုင်တယ်။ ဒီလိုအခြေအနေကနေ သီးခြားနိုင်ငံထူထောင်မယ့် ပြဿနာကို ချဉ်းကပ်မယ်ဆို ငါတို့ ဘာလုပ်သင့်တယ်ဆိုတာကို သက်ဆိုင်ရာ ခုခံစစ်ဆင် အင်အားစုကြီးတွေ ပိုမိုစဉ်းစားနိုင်စွမ်းရှိလာမယ်ဆို့ မျှော်လင့်ပါတယ်။

မေးခွန်း။ ။ နယ်မြေအငြင်းပွားမှုတွေကိုဖြေရှင်းရင် လူထုဆန္ဒကအဓိကလို့ ပြောကြတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားနဲ့ အဲ့ဒီစဉ်းစားချက်က ပြဿနာဖြေရှင်းတဲ့အခါ လက်တွေ့ကျပါ့မလား။ ဒါကို  ချဉ်းကပ်သင့်လဲ။ ဘာတွေကို ကြိုတင်ပြင်ဆင်ထားသင့်ပြီလဲ။

ဖြေ။ ။ အခြေခံကိုစဉ်းစားရင် လက်ရှိမှာ လက်နက်ကိုင်ထားတဲ့သူတွေက key players တွေဖြစ်နေတယ်။ ဒါမှန်တယ်။ ဒါပေမဲ့ လက်နက်ကိုင်တိုက်ပွဲကို အဓိကသွားရုံနဲ့စစ်အာဏာရှင်စနစ်က အမြစ်ကပြုတ်ဖို့ မလွယ်ဘူး။ ဒါကြောင့်စစ်ရေးကို အဓိက ထားလွန်းစွာဖော်ဆောင်လို့မရဘူးလို့ ပြောချင်တယ်။ အဲ့ဒီတော့ စစ်ရေးကို ရနိုင်သလောက်ဆက်ထိန်းထား။ ဉပမာ စစ်တိုက်ကောင်းပါတယ်ဆိုတဲ့ TNLA တရုတ်က ဖိအားပေးလာတဲ့အခါ စစ်ကောင်စီနဲ့ဆွေးနွေးမှုကို လက်ခံလိုက်ရတယ်။ တရုတ်ပြည်ကို ဘယ်လိုချဉ်းကပ်မလဲ။ တရုတ်ပြည်က ဘာ့ကြောင့် အဲ့ဒီလိုမျိုး ရပ်တည်ချက်ပြောင်းသွားတာလဲ။ စစ်တပ်က အာဏာသိမ်းစတုန်းက တရုတ်က အဲ့ဒီလိုမဟုတ်သေးဘူးလေ။ ဘာ့ကြောင့်ရပ်တည်ချက်ပြောင်းသွားတာလဲ။

အခု KIO ဉက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူ UNFC ဉက္ကဌဖြစ်နေတဲ့အချိန်မှာ သူ့ အတွေ့အကြုံတစ်ခု ကျနော့ကို ပြောပြဖူးတယ်။ သူ တရုတ်ပြည်ရောက်တော့  တရုတ်အစိုးရခေါင်းဆောင်တွေကမေးတယ်။ ခင်ဗျားတို့လိုချင်တဲ့ဖက်ဒရယ်ဆိုတာ ဘယ်လိုဟာမျိုးလဲလို့ မေးတော့ သူ့မှာ အဆင်သင့်ပြစရာမရှိဘူး။ အဲ့ဒါ သူကိုယ်တိုင်ပြောတာ။ တရုတ်အစိုးရက ဆရာတို့တိုင်းပြည်က ဖော်ဆောင်ချင်တဲ့ ဖက်ဒရယ်ဟာ ဘာလဲလို့အကောင်အထည် သူ့မှာ ပြစရာမရှိဘူး။ ၂၀၁၇ မှာ ဉက္ကဌကြီး အင်ဘန်လ ကျနော့်ကို အကူအညီတောင်းတယ်။ အဲ့ဒါက FCDC ဖွဲ့စည်းပုံအခြေခံဉပဒေကို ဒီ့ထက်ပိုကောင်းအောင် ပြင်လို့ရမလားတဲ့။ ကျနော်လည်း ကြိုးစားပေးမယ်လို့ ပြောတယ်။ အဲ့ဒီမှာ သူ့ရဲ့ idea ကို UNFC EC အစည်းအဝေးမှာ တင်တယ်။ တင်တော့ အဲ့ဒီတာဝန်ကို သူတို့အထဲက ပအို့ဝ်အဖွဲ့က ခွန်ဉက္ကာကို တာဝန်ပေးထားတယ်။ အဲ့ဒီတော့ ခွန်ဉက္ကာတို့က လက်စသတ်ပြီးတော့ ဆရာဉီးအောင်ထူးကို အကူအညီယူရင်ကောင်းမယ်လို့ EC တွေက အကြံပေးကြတော့ နောက် EC အစည်းအဝေးတစ်ခုခေါ်ပြီးတော့ ခွန်ဉက္ကာကိုခေါ်လိုက်တယ်။ ခွန်ဉက္ကာကလည်း ပြောတယ်။သူ လက်စသတ်တော့မယ် သိပ်မကျန်တော့ပါဘူး။ ပြီးရင် ဆရာဉီးအောင်ထူးကို လွှဲပါ့မယ်ဆိုပြီး။ သို့သော် နောက် ၂ လ ၃ လအတွင်းမှာ ပအို့ဝ်အဖွဲ့နဲ့ လားဟူအဖွဲ့က အပစ်ရပ်တော့ လုံးဝအဆက်အသွယ်ပြတ်သွားတယ်။ အဲ့ဒီတော့ ပြောချင်တာက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲဆိုတာကို တရုတ်အပါအဝင် တစ်ကမ္ဘာလုံးကို ပြဖို့လိုအပ်လာတယ်။ ဒါက နိုင်ငံရေးလှုပ်ရှားမှုအကြီးကြီးပဲ။ အဲ့ဒီတော့ ဖက်ဒရယ်စနစ်ကို ဘယ်လိုလက်တွေ့ကျင့်သုံးမလဲ။ အရင်းခံပြဿနာက ဘာလဲ။ မဟာလူမျိုးကြီးဝါဒဆိုတာ အခုမြန်မာနိုင်ငံမှာ ရှိကိုရှိသေးတယ်။ ဒါရဲ့ အခြားတစ်ဖက်မှာ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒဆိုတာရှိတယ်။ အဲ့ဒီတစ်ခုကလည်း ရှိနေသေးတယ်။ အဲ့ဒီ ၂ ခုကြားထဲကနေ ဖောက်ထွက်ပြီးတော့ မြန်မာနိုင်ငံနဲ့သင့်တော်တဲ့ ဖက်ဒရယ်စနစ်ကို ဘယ်လိုတည်ထောင်မလဲ ဆိုတာ မေးခွန်းကအကြီးကြီးပဲ။ အဲ့ဒါက စစ်ရေးကို အဓိကကျင့်သုံးရုံနဲ့ မရနိုင်တော့ဘူး။ အခုချိန်မှာ ဉပဒေစိုးမိုးရေးအခြေခံကနေ နိုင်ငံရေးဆွေးနွေးပွဲတွေ သင်တန်းတွေ နှီးနှောဖလှယ်ပွဲတွေ အဖွဲ့အစည်းကြားထဲ နိုင်ငံရေးစာချုပ်တွေပေါ်လာဖို့ အများကြီး လုပ်ရတော့မယ်။ သတင်းမီဒီယာအခန်းက သိပ်ကို အရေးကြီးတယ်။ လူထုရဲ့ အသံတွေကိုလည်း ပြန်နားထောင်ရမယ်။ အဲ့ဒါတွေကိုလက်တွေ့နဲ့ပေါင်းစပ်ရမယ်။ အဲ့ဒီနောက်ခံကနေပြီးတော့ ဖက်ဒရယ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေ ပေါ်လာဖို့လိုတယ်။ ဆက်စပ်ပြီးတော့ သက်ဆိုင်ရာပြည်နယ်အသီးသီးမှာ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံတွေ ပေါ်လာဖို့လိုတယ်။  

မေးခွန်း။ ။ အပေါ်မှာ ဆွေးနွေးသွားတဲ့အထဲမှာ ဉပဒေစိုးမိုးရေးအခြေခံကနေစပြီး အကောင်အထည်ဖော်ရမယ်ဆိုတာကို ဒီထက်အကျယ်ပြောရမယ်ဆို ဘာတွေဖြစ်မလဲ။

ဖြေ။ ။ KIA နဲ့ TNLA အကြားထဲက စာချုပ်မျိုးတွေ ပေါ်လာရမယ်။ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မိတ်ဖက်ပဋိပက္ခအဖြစ် ဖြေရှင်းမယ်ဆိုတာ အင်မတန်ကောင်းတယ်။ စာချုပ်ကိုလည်း ၂ ဖက်စလုံးက လိုက်နာရမယ်။ စာချုပ်ကြီး ချုပ်ပြီး မလိုက်နာဘူးဆို ဘယ်လိုနည်းနဲ့မှ တော်လှန်ရေးဟာ အလားအလာမကောင်းတော့ဘူး။ ကိုယ်တို့ ၂ ဖွဲ့ကြားထဲက စာချုပ်ကိုတော့ လိုက်ကိုလိုက်နာရမယ်။ စာချုပ်တွေ ပိုကောင်းအောင် ချုပ်ဖို့က စာချုပ်တစ်ရပ်မှာ ဘယ်လိုအင်္ဂါရပ်တွေပါရမလဲ ၊ ဘယ်အခါမှာ စာချုပ်ပျက်သလဲ၊ အဲ့ဒါတွေကအစ သေသေချာချာထည့်ဖို့လိုတယ်။ အခု TNLA ကစစ်ကောင်စီနဲ့ စကားစပြောနေပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် MNDAA နဲ့ စစ်ကောင်စီနဲ့ကြား စကားပြောပြီးပြီလို့ သိရတယ်။ ဒါပေမဲ့ ဘာတွေသဘောတူလဲဆိုတာ စာချုပ်တောင်ရှိရဲ့လား မသိရဘူး။ စာချုပ်ထဲ ဘာတွေပါလဲမသိရဘူး။ အဲ့ဒီအတွက် လူထုအတွက်လည်း အကျိုးမရှိဘူး။ ပြင်ပက နိုင်ငံရေးအင်အားစုတွေ ဉပဒေသမားတွေ မီဒီယာတွေအတွက်လည်း အကျိုးမရှိဘူး။ NCA မှာ ခံခဲ့ရပြီးပြီလေ။ ၂၅ နိုင်ငံက သတ်သေလက်မှတ်ထိုးထားတယ်။ ရေထဲမျှောတာပဲ။ ဘာကြောင့်လဲ။ စာချုပ်ကိုက စာချုပ်အင်္ဂါရပ်နဲ့မညီဘူး။ ဉပမာ NCA ထဲမှာပါတယ် ပြဿနာဖြစ်ရင် နှစ်ဘက်တွေ့ဆုံညှိနှိုင်းဖြေရှင်းမယ်။ ဒါက အလုပ်မှမဖြစ်တာ။ third party enforcement ဆိုတာရှိတယ်။ ဉပမာ အင်ဒိုနီးရှားနိုင်ငံ အာချေးလ်ပြည်နယ်က သူပုန်အဖွဲ့နဲ့အစိုးရ ကြားက စာချုပ်ကိုကြည့် အတိအလင်းပါတယ်။ third party အဖြစ်နဲ့ ဉရောပသမဂ္ဂနဲ့ အာဆီယံက third party သူတို့ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ ပြဿနာဖြစ်လာရင် သူတို့ဖြေရှင်းတာ နားထောင်တဲ့အခါကျတော့ အောင်မြင်သွားတာပဲ။ NCA မှာ third party မှမပါတာ။ ၂၅ နိုင်ငံလက်မှတ်ထိုးထားလည်း သက်သေပဲ ဘာအာဏာမှ မရှိဘူး။ အဲ့ဒါက စာချုပ်တစ်ရပ်ဟာ ဘယ်လိုချုပ်ရတယ်ဆိုတာ အခြေခံလောက်ကိုတော့ တော်လှန်ရေးအဖွဲ့တွေက လေ့လာသင့်တယ်။ အဲ့ဒီလိုမျိုး စာချုပ်ကောင်းတွေ ကိုယ့်အချင်းချင်းကြားထဲမှာ ပေါ်လာရင် လောလောဆယ် ထိန်းလို့ရတာပေါ့။ စာချုပ်ကိုလိုက်နာဖို့ပဲ။

အခုလို ဖြေကြားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *