


မုံရွာ၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းတွင် တော်လှန်ရေးတပ်များက အောင်မြင်စွာ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
၎င်းစခန်းတွင် အခြေချနေသော ရဲ အင်အား (၁၇) ဦးကို မုံရွာခရိုင် ကွပ်ကဲရေးမှူး ကွပ်ကဲမှုဖြင့် မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် PDF တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ (၆၁၊ ၆၄)၊ စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ့ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မုံရွာမြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ဒရုန်းအဖွဲ့၊ BLDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လာသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲတပ်ဖွဲ့ ၁၁ ဉီး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ G-3 သေနတ် (၅) လက်၊ Uzi သေနတ် (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇၀) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခု၊ TV (၁) လုံး သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ နမခ စစ်ဌာနချုပ်မှ Paramotor (၂) စီး၊ တံတားဦး လေတပ်မှ Mi-35 (၁) စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမြှောက်တပ် အမတ-၅၀၈ မှ လက်နက်ကြီး ၁၀၅ မမ၊ ၁၂၀ မမ တို့ဖြင့် (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့ကြောင်း ဆိုထားသည်။