MOGE ရေနံမှော်ကင်းစခန်းအား သိမ်းပိုက်ရရှိ၊ စကစ ၁၂ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းကို ဩဂုတ် ၁၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဂန့်ဂေါခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ ABSDF၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်​ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင် အပါအဝင် (၁၂) ဦး သေဆုံးပြီး ကပစ-၂၃ မှ ဒု-အရာခံဗိုလ် ဝင်းမြင့်ထွန်း အပါအဝင် (၁၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဒေသ ၁ က ဆိုသည်။

စစ်ကောင်စီထံမှ လက်နက်မျိုးစုံ (၃၀) လက်၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း (၇) လုံး၊ ဗုံးသီး (၆) လုံးနှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိသည်ဟုလည်း သိရသည်။ တော်လှန်ရေးတပ်ဘက်မှလည်း ရဲဘော် (၁) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။