
ကိုးကန့်၊ ဇန်နဝါရီ ၂၀
အာဏာသိမ်းစစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် MNDAA တို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ပြီဖြစ်ကြောင်း တရုတ်ဘက်က ယနေ့ ထုတ်ပြောလာသည်။
အဆိုပါ တရားဝင် အပစ်အခတ်ရပ်စဲမှုသည် ဇန်နဝါရီ ၁၈ ရက်နေ့ (စနေနေ့)ကတည်းက စတင်အသက်ဝင်ကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
MNDAA နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေးထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော် လက်ရှိ မြေပြင်တွင်ရှိနေသော နယ်မြေစိုးမိုးထိန်းချုပ်မှုများနှင့်ပတ်သက်၍ မည်သို့မည်ပုံ သဘောတူညီချက်ရှိထားသည်ကိုမူ မပြောကြားခဲ့ပေ။
အာဏာသိမ်းစစ်တပ်နှင့် MNDAA တို့ကလည်း အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ တစုံတရာထုတ်ပြန်လာခြင်းမရှိသေးပေ။
MNDAA က လက်ရှိတွင် စစ်ကောင်စီ၏ ရမခ စစ်ဌာနချုပ် ရှိရာ လားရှိုးမြို့ကိုပါ သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။
တရားဝင်အပစ်အခတ်ရပ်စဲမှု ထွက်ပေါ်လာပြီးနောက် UWSA နယ်ကိုဖြတ်ကာ ကိုးကန့်ဒေသ အတွင်းသို့ ကုန်စည်စီးဆင်းမှုကို တရုတ်အစိုးရဘက်က ယနေ့မှစ၍ ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခွင့်ပြုခဲ့ကြောင်းကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ဦးစီးချုပ်ရုံးက ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သေးသည်။
တရုတ်ဘာသာဖြင့် ရေးသားထားသော အဆိုပါ ထုတ်ပြန်ချက်တွင် ကိုးကန့်ဒေသနှင့် ဝပြည်နယ် ဟိုပန်မြို့ကို ဆက်သွယ်ထားသော ဖောင်ဆိပ်တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနှင့် ကုန်စည်များကို အပြည့်အဝ လွတ်လပ်ခွင့်ပြုလိက်ကြောင်း ၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများအပြင် အရပ်သားပြည်သူများ၏ နေ့စဉ်ထွက်ကုန်၊ နေ့စဉ်လူသုံးကုန်များကို ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။
၁၀၂၇ စစ်ဆင်ရေး ဖြစ်ပွားနေချိန်တွင် တရုတ်အစိုးရက ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားရာဒေသများထံသို့ ၎င်းတို့နိုင်ငံထုတ် ကုန်စည်များ ဝင်ရောက်ခြင်းမရှိရေး ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
Photo- MNDAA ( ပုံအဟောင်း)