ယောတပ်တော် YA နှင့် တွေ့ဆုံ မေးမြန်းခြင်း 

“…..ယောဟာ ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ လာမယ့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ပါဝင်ချင်တယ်။ အနိမ့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရကိုရရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိပါတယ်…”

မေးခွန်း။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက NUG လက်အောက်ခံ ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၂ က ယောတပ်တော် YA နဲ့ ပေါင်းစည်းခဲ့တာတွေ့ရတယ်။ ယောဒေသအတွင်းက လက်နက်ကိုင်တပ်တွေအားလုံးကို ပေါင်းစည်းသွားဖို့ အစီအစဥ်ရှိလား။ လက်ရှိရော ဘယ်လောက်အတိုင်းအတာအထိ စုဖွဲ့ထားနိုင်ပြီလဲ။

ဖြေ။ ။ ပထမဆုံးအနေနဲ့ ဂန့်ဂေါဘက်က တပ်ရင်းတစ်ခု ယောတပ်တော်နဲ့ပေါင်းစည်းတာ ဟုတ်ပါတယ်။ ယောဒေသအတွင်းက လက်နက်ကိုင်တပ်တွေအားလုံး ပေါင်းစည်းသွားဖို့ဆိုတာကလည်း ဒီမျှော်လင့်ချက် ရည်မှန်းချက်တော့ရှိတယ်ပေါ့နော်။ သို့သော် အဓိကလက်တလောမှာ ကျနော်တို့ အမည်နာမတွေ မတူကွဲပြားနေကြပေမယ့် အချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်တဲ့ အခင်းအကျင်းမျိုး အလုပ်လုပ်နိုင်တဲ့ အနေအထားမျိုးဖြစ်အောင်တော့ အရင်ဆုံးသွားရမှာပေါ့လေနော့။ လက်ရှိ ဘယ်လောက်အထိ စုဖွဲ့ထားနိုင်ပြီလဲဆိုတာကတော့ ကျနော်တို့ ဖြေကြားလို့မရဘူးပေါ့နော်။ ဒါက စစ်ရေးကိစ္စဖြစ်နေတော့။

မေးခွန်း။  ။ တပ်ရင်းတွေပေါင်းစည်းတယ်ဆိုတော့ ၂ ဘက်ကြားထဲမှာ ဘုံသဘောတူညီချက်တော့ရှိမှာပဲ။ အဲ့ဒါက ဘာလဲပြောပြလို့ရမလား။

ဖြေ။ ။ ဂန့်ဂေါက တပ်ရင်းပေါင်းလာတဲ့ဟာကတော့ အဓိက ကျနော်တို့မှာ ဘုံဘာရှိလဲဆိုတော့ ကျနော်တို့ဟာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ယောအနေနဲ့ ပါဝင်ခွင့်ရှိရမယ်။ ယောအနေနဲ့ ရပ်တည်ပြီးတော့မှ ပေါ့နော်။ ကျနော်တို့ရဲ့ ယောကို ဖက်ဒရယ်ပြည်ထောင်စု အလွန်ကာလမှာ အစိတ်အပိုင်းအလိုက်ပေါ့နော်။ ဟိုတစ်ပိုင်း/ဒီတစ်ပိုင်း ဒီလိုမျိုး အဖြစ်မခံနိုင်ဘူးဆိုတဲ့ဟာ ရှိတယ်။ ပြီးတော့ ကျနော်တို့က တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်တယ်။ အားလုံးဟာ ယောဖြစ်တယ်ဆိုတာကတော့ ကျနော်တို့ ကြားထဲမှာ တူညီတဲ့အချက်ပေါ့လေ။

မေးခွန်း ။ ။ NUG အစိုးရနဲ့ ယောတပ်တော်ကြားက ဆက်ဆံရေးက ဘယ်လိုရှိနေလဲခင်ဗျ။

ဖြေ။  ။ NUG နဲ့ဆက်ဆံရေးကိုပြောမယ်ဆိုရင်တော့ NUG က ဒီတော်လှန်ရေးမှာ ကျနော်တို့ လုံးဝပစ်ပယ်လို့မရတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ပေါ့နော် ဒါက ကျနော်တို့ အသိအမှတ်ပြုပြီးသားဖြစ်တယ်။ လက်ရှိမှာလည်း NUG ရဲ့ မြေပြင်ယန္တရားတွေဖြစ်တဲ့ အုပ်ချုပ်ရေးယန္တရား ကာကွယ်ရေးယန္တရားတွေမှာ ကျနော်တို့ နှောက်ယှက်တာမရှိဘူး၊ ဖျက်ဆီးတာမရှိဘူး။ အကူအညီလိုရင် ကျနော်တို့ ပေးတယ်။ ဒါကအခြေအနေပေါ့။  သို့သော် ခုနကပြောတဲ့ NUG ဘက်က အမြင်မှာလည်း ကျနော်တို့က တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့အခါကျတော့ ကျနော်တို့ရဲ့ ခေတ်အဆက်ဆက်ပေါ့နော် ကျနော်တို့ ယောလူမျိုးဆိုတာက ယောလူမျိုးမကပါဘူး ကျနော်တို့မှာ တောင်သားလူမျိုးတွေရှိတယ်။ ဒါတွေက ပြတိုက်ထဲမှာပဲရှိခဲ့တဲ့ အနေအထားဖြစ်ခဲ့တာကိုး။ ဆိုတော့ ဒါတွေကို ကျနော်တို့ ပြန်ပြီးဖော်ထုတ်ချင်တယ်။ ပြီးတော့မှ အဲ့ဒီ identity နဲ့ လာမယ့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျနော်တို့မှာ ပါဝင်ခွင့်ဟာ တန်းတူညီတူရှိသင့်တယ်ဆိုတာကို ကိုင်ထားတာဖြစ်တယ်။ ကျနော်တို့ရဲ့ ခံစားချက်ကို ကျနော်တို့ရဲ့ ရည်မှန်းချက်ကို NUG အနေနဲ့လည်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေးခွန်း။ ။ ယောတပ်တော် YA ရဲ့ နိုင်ငံရေးရည်မှန်းချက်က ဘာဖြစ်မလဲ။ ဒီနေရာမှာ ထပ်ပြီး အတည်ပြုပြောပေးလို့ရမလား။

ဖြေ။ ။ ကျနော်တို့ နိုင်ငံရေးရည်မှန်းချက်တွေ ထုတ်ပြန်ကြေညာထားပြီးသားလည်းဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ဘုံရန်သူဖြုတ်ချရေး စစ်အာဏာရှင်ပြုတ်ကျရေးပေါ့။ နံပါတ် ၂ ကတော့ ယောသူ ယောသားတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ် ဆုံးဖြတ်ပိုင်ခွင့်ပေါ့နော်။ ဒီဟာကတော့ ခွဲထွက်ရေးကို မဟုတ်ဘူး။ အဓိကက ကျနော်တို့ ယောသူယောသားတွေ ဘယ်လိုနေချင်တယ်။ ကိုယ့်ဒေသမှာ ဘယ်လိုမျိုးပုံစံလုပ်ချင်တယ်။ အစရှိသဖြင့်ပေါ့နော်။ ဘယ်ထဲမှာနေမယ်။ ဒါတွေက ကျနော်တို့ ဆုံးဖြတ်ပိုင်ခွင့်ရချင်တယ်။ နံပါတ် ၃ ကတော့ ကျနော်တို့လိုပဲ အဖိနှိပ်ခံပြည်သူလူထု ကျနော်တို့ ယောသူယောသားတင်မဟုတ်ဘူး၊  အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး လွတ်မြောက်ရေးပေါ့နော်။ နံပါတ် ၄ ကတော့ နည်းနည်းလေး တိကျတဲ့ရည်မှန်းချက်ပေါ့နော်။ အဓိကက ကျနော်တို့ ယောဟာ ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ လာမယ့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ ပါဝင်ချင်တယ်ပေါ့။ ဒီဟာက အနိမ့်ဆုံးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပဲ ဖြစ်ဖြစ်ပေါ့။ ဒါက အနိမ့်ဆုံးရည်မှန်းချက်ပေါ့။ အနိမ့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရကိုရရမယ်ဆိုတဲ့ ရည်မှန်းချက်တော့ရှိပါတယ်။

မေးခွန်း။ ။ တစ်ကယ်လို့ ယောဒေသကို ဖက်ဒရယ်ယူနစ်အဖြစ် သတ်မှတ်မယ်ဆို ဘယ်ဧရိယာတွေ ပါဝင်ရမယ်လို့ သတ်မှတ်ရည်ရွယ်ထားတာ ရှိလား ။

ဖြေ။ ။ လက်ရှိယောဒေသကိုပဲ ရည်ရွယ်ပါတယ် ကလေးတောင်ပိုင်း ပေါက်နဲ့ ပုလဲ အနောက်ခြမ်းတွေမှာ ယောတွေနေကြပေမယ့် လက်ရှိကာလမှာ နယ်မြေတွေနယ်နိမိတ်တွေပြောရင် တော်လှန်ရေးအတွက် အဟန့်အတားပဲဖြစ်မှာပါ။ နောက်ပိုင်း ပြည်ထောင်စုမှာ အဲဒီမှာရှိတဲ့ ယောတွေရဲ့ ဆန္ဒက အဓိကပါပဲ။

မေးခွန်း။ ။ ယောဖက်ဒရယ်ယူနစ်အဖြစ် သတ်မှတ်ချင်တယ်လို့ အရှေ့မှာ ပြောသွားခဲ့တယ်ပေါ့နော်။ ဒီတော့ ဘာကြောင့် သတ်မှတ်သင့်တာလဲလို့ တန်ပြန်မေးခွန်းရှိလာရင် ဘယ်လိုဖြေချင်ပါသလဲ။

ဖြေ။ ။ အစက ချီပြောရရင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကို ခွဲကတည်းက မှားတဲ့အယူအဆပါ။ သမိုင်းကြောင်းအရ ကျနော်တို့က ရခိုင်၊ ဓနု၊ တောင်ရိုး၊ ထားဝယ်၊ အင်းသား တို့နဲ့ ပိုဆက်နွယ်ပါတယ်။  ဗမာနဲ့လည်း ဆက်နွယ်ပါတယ်။ ကျနော်တို့က ဗမာအစတကောင်းကဆိုတဲ့ အယူအဆကစရင်  ဗမာကြီး (ကံရာဇာကြီး) ဗမာငယ် (ကံရာဇာငယ်) မှာ ဗမာကြီးအုပ်စုဝင်တွေပါ။ ဆိုတော့ ကျနော်တို့က ဘယ်လူမျိုးထဲပါတယ်၊ ဗမာနဲ့ ဆိုင်ခြင်း/မဆိုင်ခြင်းကို ပြောနေတာမဟုတ်ပဲ ယောဆိုတာကို အသိအမှတ်ပြုရမယ်ဆိုတာပါ။ ယော၊ ဓနု၊ တောင်ရိုး၊ ရခိုင်ဟာ အတူတူဖြစ်ပါလျက်နဲ့ ကျနော်တို့ ယောဟာ ယောလူမျိုးရယ်လို့ အသိအမှတ်ပြုခံရခြင်းမရှိဘူး။ နေပြည်တော်က ပြတိုက်ထဲမှာပဲရှိတယ်၊ တကယ်ရှိပါတယ်။ ဓနုက ဓနုလို၊ ရခိုင်က ရခိုင်လို၊ တောင်ရိုးက တောင်ရိုးလို အသိအမှတ်ပြုခံရပါလျက် ကျနော်တို့မှာ ပြတိုက်ထဲပဲ ရောက်သွားတယ်။ လဝက စာရင်းမှာ ယောလူမျိုး တစ်ယောက်မှမရှိပါဘူး။ ပြီးတော့ ၁၃၅ မျိုးဆိုတာ အဆင်ပြေသလို ထည့်သွင်းတာပါ။ ပလောင်၊ ဝ ၊ မွန်ဟာ မွန်ခမာ အုပ်စုတစ်စုထဲဖြစ်ပါလျက် ပလောင်နဲ့ဝက ရှမ်းထဲထည့်ပြီး မွန်က တမျိုးဖြစ်နေတယ်။ ဆလုံဟာ Austronesian ဖြစ်လျက်နဲ့ Tibeto-Burman ဖြစ်တဲ့ ဗမာ ထဲ ထည့်ထားတယ်။ အဓိကက ၁၃၅ ကို အုပ်စုခွဲတယ်ဆိုတာ ပြည်နယ်က လူမျိုးစုတွေကို သက်ဆိုင်ရာ ပြည်နယ်နာမည်ခံထားတဲ့ လူမျိုးထဲတိုက်ရိုက်ထည့်ပြီး တိုင်းဒေသကြီးက လူမျိုးစုတွေကို ဗမာထဲတိုက် ရိုက်ထည့်လိုက်တာပါပဲ။ ဝနဲ့ ပလောင်ကို ရှမ်းထဲထည့်ပေမယ့် ဝကို ရှမ်းလို့ ခေါ်လို့မရဘူး၊ ဓနုကို ရှမ်းလို့ခေါ်လို့မရဘူး။ ဒါက အာဏာရှင်အဆက်ဆက် လုပ်ခဲ့တာဖြစ်လို့ ဗမာကိုးမျိုးကို ကျနော်တို့ အသိအမှတ်မပြုပါဘူး။ ကျနော်တို့ ဗမာဖြစ်ခြင်း/မဖြစ်ခြင်းကို မှတ်ချက်မပေးလိုပါဘူး။ ဒါတွေပြော ငြင်းခုံနေဖို့ထက် ကျနော်တို့ယူဆတာက ဘာလူမျိုးပဲနေနေ တန်းတူ အသိအမှတ်ပြုရဖို့ပါ။ အခြေခံအကျဆုံး အခွင့်အရေးအနေနဲ့ တိုင်းဒေသကြီးက လူမျိုးတွေကို ဗမာထဲ ထည့်ထားတာတောင် ဆလုံက ဆလုံလို့ မှတ်ပုံတင်မှာရေးလို့ရပြီး ယောက ‌ပြတိုက်ထဲပဲရောက်သွားတာက ကျနော်တို့ ဘာကြောင့် ယောအနေနဲ့ရပ်တည်ရလဲဆိုတာရဲ့အဖြေပါ။

မေးခွန်း။ ။ ယောတပ်တော် ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ပတ်သက်ပြီး NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖူးတာမျိုး ရှိလားခင်ဗျ။

ဖြေ။ ။NUG နဲ့ ယောတပ်တော်ကြားမှာ ညှိနှိုင်းဆွေးနွေးထားတာမျိုးတော့ တစ်ကြိမ်မှမရှိသေးဘူးပေါ့နော်။ အဓိက က ကျနော်တို့က တည်ဆောက်နေဆဲဖြစ်တဲ့အခါ ကျနော်တို့ကို NUG က ဘယ်လိုမျိုး သတ်မှတ်ယူဆသလဲဆိုတာ သူတို့ရဲ့ ပေါ်လစီနဲ့ဆိုင်ပါလိမ့်မယ်။ ကျနော်တို့ရဲ့သဘောထားကတော့ ရှေ့မှာလည်း ပြောပြခဲ့ပြီးဖြစ်တယ်ပေါ့။

မေးခွန်း။ ။ နိုင်ငံရေးရည်မှန်းချက် ဒါမှမဟုတ် ဖက်ဒရယ်အရေးနဲ့ပတ်သက်ရင်  NUG နဲ့ ယောတပ်တော်နဲ့ အကြား ညှိမရသေးတဲ့အချက်၊ မတူညီတဲ့အချက်မျိုးရှိလား။ ဘာဖြစ်မလဲ။

ဖြေ။ ။ NUG နဲ့ ယောတပ်တော်ကြားမှာ မတူညီတဲ့အချက်က သူတို့က အစိုးရဖြစ်တယ်၊ ကျနော်တို့ ကတပ်ဖြစ်တယ်ဆိုတော့ နည်းနည်းတော့ ပြောရခက်တာပေါ့။ ဆိုတော့ NUG ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ PDF တွေနဲ့ ကျနော်တို့ယောတပ်တော်ကြားမှာ ကွာခြားချက်က အဓိက ကျနော်တို့ ကယောအမျိုးသားရေးဆိုတဲ့ ရည်မှန်းချက်တစ်ခုကို ထပ်ပိုလာတာပေါ့နော်။ အဲ့ဒါပဲ ကွာခြားမှုရှိပါမယ်။ ကျန်တာကတော့ အားလုံးအတူတူပါပဲ။ နဂိုရှိနေတဲ့ တော်လှန်ရခြင်းရဲ့ ရည်ရွယ်ချက်အထဲမှာမှ ယောအမျိုးသားရေး ရည်မှန်းချက်ကိုထပ်ပြီးတော့မှ  သွားနေတာဖြစ်တယ်ပေါ့နော်။ ဒါက တပြိုင်တည်းလုပ်ရမယ့် အရာပေါ့။ စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကိုလည်း လုပ်တယ်။ တစ်ချိန်တည်းမှာလည်း ကျနော်တို့ရဲ့ ယောအမျိုးသားရေးရည်မှန်းချက်ကိုလည်း ဒါကိုလည်း ဒေသန္တရပေါ့ ဒါကိုလည်း ကျနော်တို့ထပ်ပြီးတော့မှ တစ်ပါးတည်းလုပ်တယ်ပေါ့။

မေးခွန်း။ ။ နောက်ဆုံးအနေနဲ့ သတင်းစကားပါးဖို့ရှိရင် ပြောပေးပါ။

ဖြေ။ ။ ကျနော်တို့ ယောတပ်တော်က ထူထောင်တာလည်းမကြာသေးဘူး။ ကျနော်တို့ဆီမှာ ပူးပေါင်းပါဝင်လာတဲ့ တပ်တွေလည်းရှိနေတယ်ဆိုတော့ အမြင်အမျိုးမျိုးရှိနေကြတာကို ကျနော်တို့နားလည်တယ်။ သို့သော် ကျနော်တို့က ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်မယ့် တပ်မဟုတ်ဘူး။ ဒါတွေကို ကျနော်တို့ လုပ်ရပ်နဲ့ပဲ သက်သေပြဖို့ရှိတယ်ဆိုတာကိုပဲ ပြောချင်ပါတယ်။ ကျနော်တို့က လူမျိုးစွဲ ပြင်းထန်နေတာမဟုတ်ဘဲ စစ်အာဏာရှင်ဖြုတ်ချရေးကို ပြည်မ မြေလတ် ပညာ မခွဲဘဲ အတူလုပ်မှာဖြစ်သလို တပြိုင်ထဲ ယောဟာ ယောဆိုတာကို ပြန်ရပ်တည်နိုင်ဖို့ ကြိုးစားနေရတာဖြစ်တယ်။ ဒါကြောင့် ဗမာပဲဖြစ်ဖြစ် NUG ပဲဖြစ်ဖြစ် ကျနော်တို့ ကန့်လန်တိုက်မှာမဟုတ်သလို ဗမာမုန်းတီးရေးအယူဝါဒလည်း ကျနော်တို့မှာ မရှိဘူး။  အဓိကက ကိုယ့်ရပ်တည်မှု ကိုယ်ဖော်ပြဖို့ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *