
ဂန့်ဂေါ၊ မတ် ၂
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ယနေ့တွင် အတည်ပြုထုတ်ပြန်ကြေညာလာသည်။
ယောအမျိုးသားနိုင်ငံရေးကို ညီညီညာညာ စုစုစည်းစည်းဖြင့် ဆောင်ရွက်ရန် အချိန်အခါကောင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် ယခုတပ်ဖွဲ့အမည်ဖြင့် ဆက်လက်တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်မိသဖြင့် ဖျက်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းကျင်းပခဲ့သည့် တပ်ဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တပ်ဖွဲ့အား အပြီးတိုင်ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး၊ ယောအမျိုးသားနိုင်ငံရေးကို စုစည်းညီညွတ်သော အခင်းအကျင်းဖြင့် ပိုမိုကောင်းမွန်သော အရွေ့ကို တက်လှမ်းကာ တပ်ဖွဲ့ဝင်အားလုံး ဆက်လက်ဆောင်ရွက်နေမည်ဟုလည်း ဖော်ပြထားသည်။
YPDF ကို ဖျက်သိမ်းလိုက်သော်လည်း တပ်ဖွဲ့ဝင်များသည် ယောတပ်တော် YA နှင့် ပူးပေါင်းရန် ဆွေးနွေးညှိနှိုင်းနေကြောင်း တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
“YA နဲ့တော့ ညှိနှိင်းနေဆဲပါပဲဗျ။ ပြေလည်မယ့် အခင်းအကျင်းအလားအလာ အများကြီးရှိပါတယ်။ အချိန်ကာလတိုလေးပါပဲဗျ။ အချိန်တန်ရင် နောက်ထပ် ကြေငြာချက် ထုတ်ပြန်တာမျိုး လုပ်ပါလိမ့်မယ်” ဟု ၎င်း တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ယောဒေသအခြေစိုက် ဂန့်ဂေါခရိုင် PDF တပ်ရင်း ၁၂ သည် NUG MOD လက်အောက်မှ နှုတ်ထွက်၍ ယောတပ်တော် YA နှင့် ပူးပေါင်းသွားခဲ့သည်။
YA ၏ နိုင်ငံရေးရည်မှန်းချက်မှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် လက်ရှိယောဒေသသည် ဖက်ဒရယ်ယူနစ်တစ်ခုအနေဖြင့် ပူးပေါင်းပါဝင်ရေးဖြစ်သည်။