
မြဝတီ၊ ဖေဖော်ဝါရီ ၄
ကျာဖြန့်လုပ်ငန်းများကို နှိမ့်နှင်းသည့်အနေဖြင့် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် နယ်စပ်တလျှောက် နေရာ ၅ ခုကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီ ရောင်းချနေမှု ဖြတ်တောက်မည်ဖြစ်သည်။
ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ပြုလုပ်သော ထိုင်းအစိုးရ အမျိုးသားလုံခြုံရေးကောင်စီ NSC အစည်းအဝေးတွင် ယခုကဲ့သို့ ဖြတ်တောက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။
ယနေ့အစည်းအဝေးတွင် ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်အနေဖြင့် အဆိုပါ ဆုံးဖြတ်ချက်အပေါ် အပြည့်အဝထောက်ခံခဲ့ကြောင်း ထိုင်းသတင်းဌာနတခုဖြစ်သော Khaosod က ဖော်ပြလာသည်။
“ကျမအနေနဲ့ တုံ့ဆိုင်းနေစရာမရှိပါဘူး။ ကျမတို့ ပြည်သူတွေကို ကျိန်းသေ ကာကွယ်ရမယ်။ ဒီကိစ္စဟာ ကျမတို့ ပြည်သူတွေနဲ့ ထိုင်းနိုင်ငံရဲ့ ပုံရိပ်အပေါ် သက်ရောက်မှုအရမ်းကြီးမားပါတယ်။ ပြတ်ပြတ်သားသားလုပ်ဖို့ အချိန်ရောက်ပြီ” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု သိရသည်။
ထိုင်းနိုင်ငံက လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီရောင်းချနေမှုဖြတ်တောက်မည့် နေရာများမှာ မြဝတီ-မဲဆောက် နယ်စပ် ၊ မယ်ဆိုင်-တာချီလိတ်နယ်စပ်၊ ဘုရားသုံးဆူနယ်စပ်တို့ ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi သည် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရအဖွဲ့နှင့်တွေ့ဆုံကာ မြန်မာ-ထိုင်းနယ်စပ်၊ ထိုင်းဘက်အခြမ်းမှနေ၍ မြဝတီမြို့ ရွှေကုက္ကိုလ်ဘက်သို့ သွားရောက်မျှော်ကြည့်ခဲ့သေးသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် နာမည်ခံ ၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးကြီးစောချစ်သူ အုပ်ချုပ်ရာ ရွှေကုက္ကိုလ်မြို့ရှိ ကျာဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်များသို့ တရုတ်နိုင်ငံသား ရုပ်ရှင်မင်းသားတစ်ဉီး၊ မော်ဒယ်တစ်ဉီးအပါအဝင် တရုတ်အများအပြား လူကုန်ကူးခံရသည့်ဖြစ်စဉ်အပြီး ယခုကိစ္စရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် မြဝတီမြို့ ၊ ရွှေကုက္ကိုလ်၊ ဘုရားသုံးဆူ အပါအဝင် နယ်စပ်တလျှောက်ရှိ မြန်မာဘက်အခြမ်း မြို့များမှာ ထိုင်းနိုင်ငံထံမှ လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီများ ဝယ်ယူအသုံးပြုနေခြင်းဖြစ်သည်။
Photo-Khaosod