လက်နက်ခဲယမ်းရှာရန် အညာသို့ထွက်သွားသော CDF-KKG ရဲဘော် ၄ ဦးကို ကျဆုံးဟု သတ်မှတ်

ဖေဖော်ဝါရီ ၂

လက်နက်ခဲယမ်းရှာဖွေရန်အလို့ငှာ အညာဒေသသို့ ခရီးထွက်ခွာသွားသော Chinland Defense Force (Kalay-Kabaw-Gangaw) CDF-KKG ၏ ဒုတပ်ရင်းမှူး အပါအဝင် ရဲဘော် ၄ ဉီးကို ကျဆုံးဟုသတ်မှတ်၍ အမိန့်စာပြန်လိုက်ပြီဖြစ်ကြောင်း မိခင်တပ်ရင်းမှ သိရသည်။

CDF – KKG တပ်ရင်း ၆ မှ ဒုတပ်ရင်းမှူး ဇင်မင်းထွန်း၊ တပ်ခွဲမှူး နိုင်မင်းဟိန်း၊ ရဲဘော် အော်ကိုကိုလင်း (ခ) လပြည့် နှင့် ရဲဘော် စိုင်းမင်းထက်တို့သည် တပ်ရင်းအတွက် လက်နက်ခဲယမ်းရှာဖွေရန်အလို့ငှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်နေ့က အညာဒေသသို့ ခရီးထွက်ခွာသွားခဲ့ပြီး ယနေ့တိုင် သတင်းတစုံတရာ ပြန်လည်ကြားရခြင်း မရှိတော့ကြောင်း တပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

“အညာဒေသမှာ လက်နက်ခဲယမ်း သွားရှာဖွေရင်း အဆက်အသွယ်ပြတ်သွားခဲ့တာ ။ ဘာသတင်းမှလည်း ဒီကနေ့အထိ ထပ်မကြားတော့ဘူး။ သူတို့ကို စောင့်နေရင်း သတင်းစုံစမ်းနေလို့ ကြာသွားပြီး အခုမှ ကျဆုံးလို့ သတ်မှတ် ထုတ်ပြန်လိုက်တာပါ” ဟု တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

စတင်ထွက်ခွာသွားစဉ်ကတည်းက ယနေ့အထိ သတင်းတစုံတရာပြန်မကြားတော့ဘဲ မည်သို့မှလည်း စုံစမ်း၍မရတော့ကြောင်း ၊ အလောင်းများလည်း ပြန်မရကြောင်း သိရသည်။

ယင်းအတွက် ၎င်းတို့ ၄ ဉီးကို ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်နေ့ကတည်းက ကျဆုံးသည်ဟု သတ်မှတ်လိုက်ပြီး ကျဆုံးခဲ့ခြင်းအတွက်လည်း မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြောင်း CDF – KKG က သတင်းထုတ်ပြန်ထားသည်။