
ညောင်လေးပင်၊ ဇန်နဝါရီ ၁၈
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့အဝင်ရှိ စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်စခန်းတခုကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၁၆ ရက်နေ့ မနက် အစောပိုင်း ၁နာရီကျော်ခန့်က ညောင်လေးပင်မြို့အဝင် ကြံဘိုကုန်းကျေးရွာနှင့် မုက္ခမူကျေးရွာ ရှိ စစ်ကောင်စီ တပ်ရင်း ခမရ(၂၀)လက်အောက်ခံစစ်သား နှင့် ပျူစောထီးပူးပေါင်း ဂိတ်စခန်း၊ အထိုင်စခန်းများကို တောကျီးကန်း တပ်ရင်း၊ ၃၇၀၃ တပ်ရင်း၊ တော်ဝင်ဒေါင်းတပ်ရင်း ၊ Spring warriors တပ်ရင်းနှင့် ၁၈၀၅ Drone တပ်ရင်းတို့က တို့ က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်ဝင်ဒေါင်းတပ်ရင်းမှ သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ပျူများဘက်မှ အရာရှိ ၁ ဉီးအပါအဝင် ၃ ဉီး သေဆုံးကြောင်း တော်ဝင်ဒေါင်းတပ်ရင်းက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်ထံမှ MA-3 သေနတ်တစ်လက်နှင့် ကျည် ၁၈ တောင့်၊ MA-11 သေနတ်တစ်လက်နှင့် ကျည် ၂၅ တောင့် ၊ ကာဘိုင်သေနတ် တစ်လက်နှင့် ကျည် ၄၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များဘက်မှ အကျအဆုံး မရှိခဲ့ကြောင်းပါ သိရသည်။