နိုဝင်ဘာ ၆
News Ambassador
တရုတ်နှင့် NUG အကြား ဆက်သွယ်ရေးလမ်းကြောင်းများရှိသော်လည်း ၎င်းတို့၏အသံကို တရုတ်ဗဟိုအစိုးရဘက်က နားထောင်ပေးမှု အပိုင်းတွင် အကြီးအကျယ်စိန်ခေါ်မှုရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
နိုဝင်ဘာ ၅ ရက်နေ့က NUG နှင့် KNU ၊ KNPP ၊ CNF တို့ ၏ ပူးပေါင်းသတင်းစာရှင်းလင်းပွဲတွင် NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“NUG အနေနဲ့လည်းပဲ တရုတ်နဲ့ဆက်ဆံရေး ချန်နယ်တွေရှိလားမေးရင် ရှိတယ်လို့ပြောလို့ရတယ်။ သို့သော် ဒီချန်နယ်တွေက အသံတွေကို ပေကျင်းအနေနဲ့ ဘယ်လောက်အထိနားထောင်သလဲ ဆိုတာကတော့ ကျမတို့မှာ အခုထိ အကြီးအကျယ်စိန်ခေါ်မှုရှိနေဆဲပဲ ဖြစ်ပါတယ်။ “ ဟု ၎င်း ကပြောသည်။
တရုတ်အစိုးရ၏ တရားဝင်ဖိတ်ကြားချက်အရ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင်ပြုလုပ်မည့် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး (GMS) ကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည့် နိုဝင်ဘာ ၅ ရက်နေ့မှာပင် ယခု သတင်းစာရှင်းလင်းပွဲကို တော်လှန်ရေးအုပ်စုဘက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသို့ စစ်ခေါင်းဆောင်သွားရောက်မှုသည် နိုင်ငံတော်အဆင့် ဖိတ်ကြားမှုမဟုတ်ဘဲ ဒေသတွင်း ဖိုရမ်တခုကို တက်ရောက်သည့် သဘောသာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောခဲ့သော်လည်း နိုင်ငံ့ခေါင်းဆောင်အနေနဲ့ တရုတ်က စစ်ကောင်စီခေါင်းဆောင်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်သလို အစည်းအဝေးကို ဉီးဆောင်ကျင်းပမည့်သူမှာလည်း တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးချုပ် လီချန်ဖြစ်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်-မြန်မာနယ်စပ်တွင် တော်လှန်ရေးတပ်များဘက်က စစ်ရေးအောင်ပွဲများ ဆက်တိုက်ရယူခဲ့ပြီး တရုတ်ဘက်က နယ်စပ်ဂိတ်များကို ပိတ်ခဲ့သည်။ တရုတ်နှင့် မြန်မာ အကြားနယ်စပ်ဂိတ် ၁၅ ခု ခန့်ရှိသည့်အနက် တစ်ဝက်ခန့်ကို ပိတ်ခဲ့ပြီး တချို့ကို ကုန်သွယ်မှု တင်းကြပ်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည့် ညီနောင်မဟာမိတ်အဖွဲ့ထံ ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရေးအတွက် ဖြစ်သည်။
UWSA ၏ ဝဗဟိုအစိုးရနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ်တို့၏ အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာမှုတွင်လည်း တရုတ်က စစ်ကောင်စီဘက်မှနေ၍ အပြည့်အဝရပ်တည်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။
နိုဝင်ဘာ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင်မူ ဒေါ်ဇင်မာအောင် က “တရုတ်ကိုနားလည်တယ် နယ်စပ်ဒေသ တည်ငြိမ်လိုတယ် ဆိုတာကို ကျမတို့ ကောင်းကောင်းနားလည်တယ်။ ဒါပေမဲ့ ဒါဟာ ကျမတို့ ဆေးမြှီးတိုနဲ့ ကုလို့ရတဲ့ကိစ္စတော့ မဟုတ်ဘူး။ စောနက ရှေ့မှာ ကျမတို့ ပြောသွားသလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မကြာခဏ ပြောသလို ကျမတို့ဟာ sustain ဖြစ်တဲ့အဖြေကိုတော့ ရှာဖို့လိုတယ်။ ဒါကို တရုတ်အစိုးရ ကိုယ်တိုင်ကိုလည်းပဲ နားလည်စေချင်တယ်။ ကျမတို့ဖြစ်နေတဲ့ တိုက်ပွဲတွေက ရှေရှည်အဖြေ အာမခံနိုင်တဲ့အဖြေကို ရှာနိုင်ဖို့တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဆေးမြှီးတိုလောက်နဲ့တော့ ခဏခဏ ဒီမတည်ငြိမ်မှုတွေကို ဖြစ်စေတယ်။ မြန်မာပြည်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်လည်းပဲ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ မကြာခဏအာဏာသိမ်းတဲ့ သံသရာတွေ ဒါတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် ကျမတို့ ရေရှည်စနစ်ပြောင်းနိုင်တဲ့ အာမခံချက်ပေးနိုင်တဲ့ စစ်တပ်နိုင်ငံရေးမှာ မပါတဲ့ စနစ်ပြောင်း တော်လှန်ရေးဖြစ်ရမယ်၊ တိုင်းရင်းသားတွေအတွက်ဆိုလည်း ဖက်ဒရယ်စနစ်ကို အာမခံတဲ့ စနစ်မျိုး ဖြစ်ရမယ် ၊ ဒီလိုအဖြေကိုရဖို့ဆိုရင် ဟိုကဖိအားပေး ဒီကဖိအားပေး ဆိုရုံနဲ့တော့ ကျမတို့ တရုတ်အတွက်လည်း အကျိုးရှိတဲ့ အဖြေဖြစ်လာမှာမဟုတ်ဘူးဆိုတာ ကျမတို့မြင်မိပါတယ်။ ဒါကြောင့် ဒီဖိအားက မရှိရင်တော့ ကောင်းတာပေါ့။ မရှိရင်တော့ တော်လှန်ရေးမြန်မြန်ပြီးမယ်၊ ဒီဖိအားကြောင့် ကျမတို့ ပိုပြီးတော့ ရုန်းရတယ်။ လူထုရဲ့စိုးရိမ်သောကတွေကို တက်စေတယ်” ဟုလည်း ပြောကြားခဲ့သည်။
လက်ရှိတွင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို တရုတ်က NUG PDF တို့နှင့် မပူးပေါင်းရန် ၊ အနောက်နိုင်ငံများသို့ သွားလာ ဆက်ဆံခြင်းမပြုရန် စသည့် စည်းမျဉ်းများဖြင့် တင်းကြပ်ထားသည်ကို တွေ့ရသည်။
KNU ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက မူ မြောက်ပိုင်းမှ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်၍ “မြောက်ပိုင်းနဲ့ပတ်သက်ရင်တော့ ကျနော်တို့မှာ စိန်ခေါ်မှုရှိပါတယ်။ တောင်ပိုင်းနဲ့မြောက်ပိုင်းအကြား ဆက်သွယ်မှုဒီနေရာမှတော့ ပွင့်ပွင့်လင်းလင်းပြောဖို့ကတော့ အခက်အခဲရှိတယ်။ အားလုံးသိတဲ့အတိုင်းပဲ နိုင်ငံရေးအနေအထားက။ ဒါပေမဲ့ တိုင်းရင်းသားတွေအားလုံး တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေနဲ့ ကျနော်တို့ တခြားပြည်နယ်က ဖြစ်ပေါ်ဖို့ကြိုးစားနေတဲ့ တိုင်းအခြေပြုပြည်နယ်ဘက်ကို ဉီးတည်နေတဲ့ ဖက်ဒရယ်စနစ်ထဲမှာ ပါနေတဲ့ ဖြေရှင်းမှုတွေကအစ အခြေခံတွေနဲ့ဉီးတည်ချက်တွေက တခုတည်းဖြစ်တယ်လို့ ယေဘုယျပြောလို့ရပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခုတခေါက် တရုတ်ခရီးစဉ်တွင် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်နှင့် တွေ့ဆုံမည်ဟု သတင်းထွက်ပေါ်နေပြီး မည်သည့် သဘောတူညီချက်များ အပေးအယူများ ပြုလုပ်ရရှိခဲ့မည်ကိုတော့ မသိရသေးပေ။
အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်းတွင် ယခုခရီးစဉ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ်လည်းဖြစ်သည်။
