ရန်ကုန်၊ဩဂုတ် ၇
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ရွာများရှိ အရပ်သားပြည်သူများကို လေကြောင်းဖြင့် အကြမ်းဖက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကို အပြင်းအထန် ကန့်ကွက်ရှုပ်ချကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ကထုတ်ပြန်လိုက်ပါသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများရှိ စျေး၊ စာသင်ကျောင်း၊ ဆေးရုံအစရှိသော လူထုအဆောက်အအုံများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုင်းရင်းသားပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီ၏ ရာဇဝတ်မှုကျူးလွန်ခြင်းများကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ ပေါင်၅၀၀ ဗုံးများ နှင့် ဖျက်အားပြင်းဗုံးအမျိုးမျိုးတို့ဖြင့် ကြဲချတိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ နေအိမ် အဆောက်အအုံများ ပျက်ဆီးသည့်အပြင် ပြည်သူများသေဆုံးခြင်း ၊ ထိခိုက်ဒဏ်ရာရရှိခြင်းများကိုလည်း နေ့စဉ်ကြုံတွေ့နေရကြောင်း အဆိုပါထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ထိုသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဟန့်တားပေးရန် တရုတ်ကို တောင်းဆိုထား သည်။၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ လုံး၀ ကင်းစင်သွားပြီဖြစ်သော ညီနောင်သုံးဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေများ ရှိ ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု များမှ ကင်းဝေးစေရန် အတွက် ညီနောင်သုံးဖွဲ့လမ်းညွှန်ထားသည့်အတိုင်း နေထိုင်သွားလာကြရန် နှင့် ပူးပေါင်းဆောင်ရွက်ရန် လည်း မေတ္တာရပ်ခံထားသည်။
