ဘလယ်ဒိုစခန်းသိမ်းခံရပြီး ထိုင်းဘက်သို့ ထွက်ပြေးသည့် စကစ ၆၂ ဉီးရှိ၊ တိုက်ပွဲအတွင်း ၁၈ ဉီး သေဆုံးခဲ့ပြီး ၄ ဉီး ဒဏ်ရာပြင်းထန်

မြဝတီ၊ မေ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာ၊ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဘလယ်ဒိုစခန်းကို မေ ၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ထိုင်းဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဉီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ ဉီးတွင် ၁၁ ဉီးမှာ ဒဏ်ရာရထားပြီး ယင်းအထဲမှ ၄ ဉီးသည် ပြင်းထန်ကြောင်း ထိုင်းသတင်းဌာနအချို့က ရေးသားဖော်ပြလာကြသည်။

၎င်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖြေကြားချက်အရ မြန်မာဘက်အခြမ်းတိုက်ပွဲအတွင်း ၁၈ ဉီး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၎င်းတို့ကို  လူသားချင်းစာနာထောက်ထားမှုအရ ယနေ့ စနေနေ့တွင် ဒုက္ခသည်အဖြစ် ထိုင်းစစ်တပ်ကလက်ခံပြီး ပါလာသော လက်နက်ခဲယမ်းများကို ဖြုတ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းဌာနအချို့၏ ဖော်ပြချက်အရ သိရသည်။

ဘလယ်ဒိုစခန်းကို မေလ (၂၃) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် KNU  တပ်မဟာ (၆) ဦးဆောင်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

၃ ရက်ကြာသော စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်အချို့  အကျအဆုံးရှိပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဘက်မှ သိရသည်။

ဓာတ်ပုံ- Khaosod

Leave a Reply

Your email address will not be published. Required fields are marked *