“ပျူရွာ စစ်ရှောင်တစ်ဉီး၏ မျှော်လင့်ချက်မဲ့ အိမ်ပြန်ချိန်”

ပုံစာ- အင်မထီးရွာ စစ်ရှောင် ဉီးကြည်

လယ်ကွင်းပြင်ကျယ် ထန်းပင်မြင့်မြင့်များ၏အောက်ရှိ ထန်းရွက်ကာ ထန်းရွက်မိုး တဲငယ်များမှာ အညာဒေသ စစ်ရှောင်အများစုနေထိုင်ရာ ဘုံဗိမာန်များပင် ဖြစ်သည်။

ယင်းသို့နေထိုင်သူများထဲတွင် အင်မထီးပျူရွာမှ ထွက်ပြေးလာသူ ဦးကြည်(အမည်လွဲ)တို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။ အင်မထီးရွာမှာ အထက်အညာဒေသ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း တည်ရှိသည့် ကျေးရွာတစ်ခုဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း စစ်ဘေးဒဏ်ကို အလူးအလဲခံရသည့် ဒေသတစ်ခုအဖြစ်လည်း လူသိများကြသည်။ အခြား လူသိများထင်ရှားမှုတစ်ခုမှာ အင်မထီးသည် အာဏာသိမ်းစစ်တပ်ကို ထောက်ခံသည့် အမာခံ ပျူစောထီးရွာဟူ၍ ဖြစ်သည်။

ဦးကြည်သည် အင်မထီးရွာတွင် လက်သမားအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်သည်။ ၂၀၂၅ ခုနှစ် မတ်လ ပထမသီတင်းပတ်တွင် ဉီးကြည်သည်  တော်လှန်ရေးအဖွဲ့ များနှင့် ချိတ်ဆက်ကာ မူလနေထိုင်ရာ အင်မထီးကျေးရွာမှ ထွက်ပြေးလာခဲ့သည်။

အင်မထီးရွာမှထွက်လာပြီးနောက်ပိုင်း စစ်ဘေးရှောင်ဘ၀ဖြင့် သူတက်မြောက်ထားသော လက်သမားအလုပ်ကို လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုနေရသော်လည်း လူမှုဝန်းကျင်တွင် ခွဲခြားဆက်ဆံခံရခြင်းကိုလည်း ကြုံတွေ့ခံစားခဲ့ရသည်ဟု ဆိုသည်။

“ ကျုပ်ကို( ……. ) ရွာက အိမ်ပြန်ဆောက်ဖို့ အပ်တယ် ။ အိမ်ရှင်က အပ်ပေမယ့် ရွာက လက်မခံဘူး။ အင်မထီး ပျူရွာကထွက်လာတဲ့ သူတွေဆိုတော့ သူတို့က မုန်းနေပုံရတယ်။ စိတ်နာခြင်း စိတ်နာ အင်မထီးရွာနားကပ်လျက်က လူတွေက အင်မထီးသားတွေကို စိတ်နာရမှာဗျ။ ပျူတွေက အနီးနားက ရွာတွေကိုဝင်ပြီး လုယက်ခံရတယ်။ ဖမ်းဆီးသတ်ဖြတ်တာတွေ ခံကြရတာ။ အင်မထီးမှာ ပျူတွေချည်းပဲတော့ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မထွက်လာနိုင်တဲ့ သူတွေလည်း ကျန်နေပါသေးတယ်“ ဟု ဉီးကြည်က ဆိုသည်။

အညာဒေသတွင် အာဏာသိမ်းစစ်တပ် လက်အောက်ခံ ပျူစောထီးအခြေစိုက်ရာ ကျေးရွာများမှ စစ်ရှောင်လာကြသူအများစုမှာ ပျူခေါင်းဆောင်များ၏ မိသားစုဝင်များပင် ပါဝင်နေခြင်းကြောင့် တခြားသော စစ်ရှောင်များကဲ့သို့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်မရဘဲ တော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင်သာ နေထိုင်ရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြိုင်မြို့နယ် တော်လှန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ပျူရွာက ထွက်လာကြတဲ့ စစ်ရှောင်အများစုရဲ့ မိသားစုဝင်တွေက ပျူတွေများတယ်။ အင်မထီးမှာဆိုရင် အကိုဖြစ်သူဘုန်းကြီးက ပျူခေါင်းဆောင် ညီဖြစ်သူက PDF ခေါင်းဆောင်။ တချို့ထွက်လာကြသူတွေမှာ အဖေက ပျူ ၊ သားက ပျူဆိုတာတွေလည်း ရှိတယ်။ အဲ့ဒီတော့ မိသားစုနဲ့ ဆက်သွယ်ပြီး သတင်းပေါက်ကြားမှုတွေ ဖြစ်မှာစိုးလို့ စိုးရိမ်မှုတွေဖြစ်ကြတာပါ။ အစောပိုင်းကတော့ ဖုန်းကအစသိမ်းထားပြီး အသွားအလာကအစ ကန့်သတ်ထားပါတယ်။ နောက်ပိုင်းတော့ အရမ်းတင်းကြပ်တာတော့ မရှိပါဘူး။ ဒါပေမယ့် စောင့်ကြည့်ခံအဖြစ်တော့ ရှိနေပါတယ်“ ဟု ဖြေရှင်းချက်ထုတ် ပြောဆိုသည်။

ဦးကြည်တစ်​ယောက် အင်မထီးပျူစောထီးရွာတွင် နေထိုင်စဉ်က တပတ်လျှင် ဆန်နို့ဆီဘူး ၂ ဘူးသာ ခွဲတမ်းရရှိသဖြင့် ပဲကိုသာပြုတ်စားခဲ့ရပြီး လေယာဉ်ဖြင့် လာချသော ရိက္ခာစားသောက်ကုန် များကိုလည်း ပုံမှန်နှုန်းထားထက် ဈေး နှစ်ဆ သုံးဆမကပေးကာ ပြန်လည် ဝယ်ယူသုံးစွဲခဲ့ရသည်ဟု ဆိုသည်။ ရွာတွင်ကျန်ရစ်သူ သက်ကြီးရွယ်အိုများမှာလည်း အစားအသောက်ကို ၀၀လင်လင် မစားရခြင်းကြောင့် ပိန်လှီကာ အဟာရချို့တဲ့ မှုများဖြစ်နေကြသည်ဟု ဦးကြည်က ပြောပြသည်။

“   အရင်ကတော့ ရိက္ခာကုန်ပြီဆိုရင် ရွာသားတွေကို ရှေ့ကကာပြီး အနီးနားက ရွာတွေမှာ စစ်ကြောင်းထိုးလုယက်ကြတယ်။ နောက်ပိုင်း ရွာနားကတောထဲမှာ ရွာသားတွေကိုတွေ့ရင် ပြန်ပေးဆွဲပြီး ရိက္ခာနဲ့လဲတာတွေလုပ်တယ်။ သူတို့အတွက်ကိုပဲ အစား အသောက်တွေကို အလုံအလောက်ယူထားပြီး ရွာကလူတွေကို ခွဲတမ်းနဲ့ပေးတယ်။ ဆန် ၂ ဘူးကို ပဲနဲ့ရောပြီးစားရတယ်။ သက်ကြီးရွယ်အိုတွေက အဟာရပြည့်၀အောင်လည်း မစားရတော့ ကျန်းမာရေးပါ ထိခိုက်လာကြတယ်။ လေယာဉ်လာချပြီဆိုရင် ဆေးပေါ့လိပ် တစ်လိပ်ကို တထောင်လောက်နဲ့ ပေးဝယ်နေရတယ်   “ ဟု ဉီးကြည်က ထပ်လောင်းဆိုသည်။

လူဦးရေ ၂၀၀၀ ကျော်ရှိသော အင်မထီးရွာတွင် ၂၀၂၅ ခုနှစ် မေလအထိ လူဦးရေ ၇၀၀ ခန့်သာ ကျန်တော့ပြီး အများစုမှာ ပျူစောထီးများဖြစ်ကြောင်း ၊  စစ်သားနှင့် ရဲ အင်အားမှာ စုစုပေါင်း ၁၂ ဉီးသာရှိကြောင်း ဆိုသည်။ တချို့မှာလည်း သက်ကြီးရွယ်အို မိသားစုဝင်များကို စောင့်ရှောက်ရင်း ကျန်နေကြခြင်းကြောင့်  ပျူစောထီးဟု ရောပြွန်းသမှုတ်ခြင်းကို ခံနေရသည်ဟု ဦးကြည် က ရှင်းပြသည်။ ဦးကြည် ကိုယ်တိုင်ကလည်း ရွာတွင်နေထိုင်ခဲ့စဉ်က ပျူစောထီးများနှင့် နီးနီးကပ်ကပ် ရှိသူမို့ ၎င်းတို့၏ လှုပ်ရှားမှုများကို သိရှိနေခြင်းဖြစ်သည်။

“ ရွာက စာသင်ကျောင်းထဲမှာ ရဲနဲ့စစ်သားတွေ နေတယ်။ ရွာသားတွေကို ကင်းစောင့်ခိုင်းတယ်။ ကျုပ်ကတော့ ကင်းမစောင့်နိုင်တော့ စာသင်ကျောင်းမှာရှိတဲ့ သူတို့ရဲ့နွားတွေကို နွားစာကျွေးတဲ့အလုပ် လုပ်ပေးရတယ်။ သူတို့ တခြားရွာက ရွာသားတွေကို ဖမ်းလာပြီဆိုရင် စာသင်ကျောင်းထဲ ခေါ်လာကြတယ်။ ပြီးရင် တံခါးပိတ်လိုက်တယ်။ အထဲမှာ ရိုက်နှက်နှိပ်စက်တာတွေ လုပ်ကြတယ်။ သတ်ပစ်တာတွေလည်း ရှိတယ်။ မြင်တော့ မမြင်ရဘူးပေါ့။ ဒါပေမယ့် ဘယ်ရွာက ဘယ်သူ့ကို ဖမ်းလာတယ်၊ ဘယ်ရွာသားတွေ အသတ်ခံရလဲ ဆိုတာလောက်တော့ သိရတယ်”ဟု ဦးကြည်  က ဆိုသည်။

တကယ်တော့ ပျူစောထီးများ၏ ဖမ်းဆီးနှိပ်စက်မှုဒဏ်ကို ဉီးကြည်တစ်ယောက်လည်း ခံစားခဲ့ရဖူးသည်။  ရွာမှထွက်ပြေးရန်စီစဉ်ချိန်တွင် သတင်းပေါက်ကြားသွားသဖြင့် ဉီးကြည်ကို ပျူစောထီးများက ထိပ်တုံးခတ်၍ ရိုက်နှက်နှိပ်စက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များအပြီး ၈ လ ခန့်အကြာ၊ တစ်ခုသော ညသန်းခေါင်အချိန်တွင် ဉီးကြည်အပါအဝင် အင်မထီးရွာသား ၆ ဉီးသည်  ရွာအပြင်ဘက် နင်းမိုင်းများ ပတ်ချာလည် မြုပ်နှံထားသည့်ကြားက ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

“ စစ်ရှောင်အချင်းချင်းတောင် ပျူရွာကထွက်လာတဲ့ စစ်ရှောင်တွေက အိမ်ပြန်ချိန်ဆိုတာ မသေချာပါဘူး။ တခြားစစ်ရှောင်တွေအနေနဲ့ကတော့ စစ်ပွဲငြိမ်သွားရင် ကိုယ့်ရွာကိုယ် ပြန်နေလို့ရတယ်။ မနေရင်တောင် ကိုယ့်အိမ်ဝန်း ကိုယ့်လယ် ပြန်ကြည့်လို့ရသေးတယ်။ ပျူရွာက ထွက်လာသူတွေကတော့  ပျူတွေထွက်သွားရင်တောင် နေရဲကြမှာမဟုတ်ဘူး။ ကျုပ်တို့ ပြန်နေမယ်ဆိုရင်တောင် သေချာပေါက်ဗုံးကြဲမှာပဲ။ ပျူရွာက ထွက်လာပြီ ဆိုကတည်းက ဒါကြီးပြီးမှပဲ ပြန်ဝင်လို့ရမှာပါ “ ဟု ဦးကြည် တစ်ယောက် သံချက်ကို တူဖြင့်ခပ်ပြင်းပြင်းထုရင်း ဆိုသောစကားသံတွင် အိမ်ပြန်ချိန်ကို မျှော်နေကြောင်း အရိပ်အငွေ့များ စွန်းထင်းလျက်ရှိသည်။

========== ။ =========

Leave a Reply

Your email address will not be published. Required fields are marked *