



ဂန့်ဂေါ၊ ဧပြီ ၁၂
စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် အကြားလမ်းပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ရွာများ တိုက်ခိုက်ခံနေရပြီး ကြံသာပြည်သူ့စစ်ရွာစခန်းသည် ယမန်နေ့ညနေက တော်လှန်ရေးတပ်များ လက်အောက်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ်ဘက်အခြမ်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ရွာများဖြစ်သော အင်းကျွန်းကျေးရွာ၊ ကျောက်ဆည်ကျေးရွာ၊ ကျောက်ပြုတ်ကျေးရွာ၊ မန္တာကျေးရွာ၊ ကြံသာကျေးရွာ၊ ဂန့်ဂေါမြို့နယ်ဘက်အခြမ်းရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ရွာများဖြစ်သော ဟံသာဝတီကျေးရွာ၊ ကုက္ကားကျေးရွာ၊ မြောက်ခင်ရမ်းကျေးရွာ၊ ရွှေမေတ္တာကျေးရွာ၊ အနောက်လယ်ကြီးကျေးရွာ၊ အရှေ့လယ်ကြီးကျေးရွာ၊ သာယာဝတီကျေးရွာ စသည့် ၁၂ ရွာကို ဧပြီ ၁၁ ရက်နေ့ မနက်အစောပိုင်းမှစတင်၍ တော်လှန်ရေးပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့်သတင်းချန်နယ်များက ဖော်ပြခဲ့ကြသည်။
ယနေ့မနက်တွင်မူ ကြံ့သာကျေးရွာရှိ ပြည်သူ့စစ်စခန်းသည် တော်လှန်ရေးတပ်များ လက်တွင်းသို့ ကျရောက်သွားပြီဖြစ်ကြောင်း ၂ ဘက်စလုံးက အတည်ပြုလာခဲ့သည်။
“ကြံသာရွာကတော့ မနေ့ညနေက ကျသွားတာ။ တခြားစခန်းတွေကတော့ ထိန်းထားနိုင်သေးတယ်။ သတင်းကြားတာတော့ လေကြောင်းပစ်ကူ တစ်ကြိမ်ပဲ ပေးလိုက်နိုင်တယ်လို့ ကြားတယ်” ဟု စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
ကြံသာရွာတိုက်ပွဲ သတင်းနှင့်ပတ်သက်၍လည်း ကျောင်းသားတပ်မတော် ABSDF က အတည်ပြုထုတ်ပြန်ထားသည်။
“ ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်း၊ တပ်ရင်း (၁၂) ရဲဘော်များသည် KKG-CDF၊ ဟံသာ၀တီ (ပကဖ)၊ CDF.-SIYIN၊ ကလေးခရိုင်ခရိုင်စစ်ဒေသ၊ ထန်တလန်DRအဖွဲ့များနှင့် လက်တွဲ၍ ကလေး၊ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းအား ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အပြီးသတ် ချေမှုန်း ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်အပ်ပါသည်” ဟု ကျောင်းသားတပ်မတော် ဗဟိုက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
တိုက်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများကိုတော့ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက ထုတ်ပြန်လာခြင်း မရှိသေးပေ။







