“အလှူနှင့် ပြိတ္တာများ”

ဦးပေါက် ရေးသည်။ (စာပါအကြောင်းအရာသည် ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်)

မြန်မာ့ အယူအဆတွင် လှူဒါန်းမှုဟူသည် ဘာသာတရား အဆုံးအမ၏ ရှေ့ဆုံးတွင်ရှိနေသည့် ကောင်းမွန်သည့် အပြုအမူဖြစ်ပေသည်။

ဒါန၊ သီလ၊ ဘာဝနာဟု ဗုဒ္ဓ၏ အဆုံးအမများရှိနေသကဲ့သို့ သခင်ယေရှူ၊ တမန်တော်မိုဟာမက်တို့သည်လည်း လူသားချင်းစာနာမှု အလှူပေးမှုများကို ဘာသာအလိုက် ကောင်းမှု ဟု ဟောပြောခဲ့ကြသည်။

လူသားဆိုင်ရာ ဒုက္ခဆင်းရဲကြီးများ ကြုံတွေ့နေရချိန်တွင် အတ္တဟူသည့် ကိုယ်ကျိုးနှင့် ပရဆိုသည့် အများအကျိုးတို့ ပွတ်တိုက်မိကြရာတွင် အတ္တကြီးမားသူများရှိနေသလို ပရဟိတ သူရဲကောင်းများစွာလည်း ပေါ်ထွက်လာလေ့ရှိသည်။

ပရဟိတဟူသည် ကိုယ်ကျိုးစွန့်ကာ အများအကျိုး၊ သူတစ်ပါးအကျိုးအတွက် မိမိမှာရှိသည့် ငွေကြေး၊ ပစ္စည်းဥစ္စာများကို လှူဒါန်းခြင်း၊ မိမိခန္ဓာနှင့်အသက်ကိုပင် အလေးဂရုမပြုဘဲ စွမ်းစွမ်းတမံ စွန့်လွှတ်စွန့်စားကြသူများကို ပရဟိသူရဲကောင်းများဟု မော်ကွန်းတင်လိုပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (ကြာသပတေးနေ့) မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ၅၁ မိနစ် ၂ စက္ကန့် က မြန်မာနိုင်ငံ၏ စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသည့် ပြင်းအား ၇ ဒဿမ ၇ အဆင့်ရှိ ပြင်းထန်ငလျင် သဘာ၀ဘေးအန္တရာယ်ကြီးသည် မြန်မာနိုင်ငံမှ လူသားများ၏ ထောင်နှင့်ချီသော အသက်များကို လူမျိုးဘါသာမရွေး၊ အဆင့်အတန်း မခွဲခြားဘဲ ကြွေလင့်စေခဲ့ပြီဖြစ်သည်။

ဤဆောင်းပါးရေးနေချိန်တွင်ပင် သက်ဆိုင်ရာ၏ ဧပြီ၃ရက်နေ့ ကြေညာချက်အရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်၊ ဒဏ်ရာရသူ ၄၇၀၀ ကျော်ရှိရှိခဲ့ပြီး အိုးအိမ်တိုက်တာအမြေါက်အများ ပျက်စီးခဲ့ရသည်။

ငလျှင်လှုပ်ခတ်ပြီးချိန် ပထမ ၃ ရက်သည် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အရေးကြီးဆုံး ရွှေရောင်အချိန် ၇၂  နာရီဖြစ်သည်ဟု သုတေသနများက ဆိုကြသည်။ ငလျင်လှုပ်ခတ်ပြီး ၂၄ နာရီအတွင်း အသက်ကယ်မည်ဆိုပါက ၇၅ ရာခိုင်နှုန်းကို ကယ်ဆယ်ပြီးစီးနိုင်ပြီး ၄၈ နာရီအတွင်း ၉၀ ရာခိုင်နှုန်းကို အသက်ကယ်ဆယ်နိုင်မည်ဖြစ်ကာ ၇၂ နာရီ အတွင်းတွင်မူ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းခန့်သာ အသက်ရှင်သူ ကျန်နိုင်မည်ဟု သုတေသနများက ဆိုသည်။

International Journal of Disaster Risk Reduction ၏ သုတေသနအရဆိုပါက ၇၂ နာရီ (၃ ရက်) ကြာညောင်းသွားပါက အသက်ရှင်လျက်ရှိသူကို ရှာတွေ့ရန် ခက်ခဲသွားပြီဖြစ်ကြောင်း၊ ထပ်မံကြာညောင်းပြီး ၉၆ နာရီနောက်ပိုင်းဆိုလျှင်မူ အသက်ရှင်လျက်ရှာတွေ့ရန် အလွန်တရာ ခက်ခဲသွားဟုပြီဟု ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ငလျင်လှုပ်ခတ်ပြီး ပထမဆုံးနေ့မှာပင်  ပရဟိတသူရဲကောင်းများစွာ ပေါ်ထွက်လာခဲ့သည်။ သို့သော် စစ်မက်ဖြစ်ပွားနေသည့် ဤကျိန်စာသင့်တိုင်းပြည်ကြီးတွင် လူသတ်ရန် ပစ္စည်းအစုံအလင်ရှိကြသော်လည်း လူ့အသက်များကယ်ဆယ်ရန်မူ ပစ္စည်းများမရှိသလို နည်းပညာများလည်း ပြည့်စုံအောင်မရှိခဲ့ကြောင်း ကြေကွဲ​ဝမ်းနည်းဖွယ် သိရှိခဲ့ရပေသည်။

လူသေ မသေ တိုင်းတာနိုင်သည့် နှလုံးခုန်စက်များ၊ အပူရှာတိုင်းစက်များ၊ လေ့ကျင့်ထားသည့် အာဝု K9 များရှိသည့် ပြည်ပနိုင်ငံများသို့ တိုင်းပြည်၏နာရေးအတွက် ကူပါကယ်ပါ တစာစာဖြင့် အကူအညီတောင်းခံနေကြ ရသည်။

မြန်မာ့ပြည်တွင်းနှင့် လူသားချင်းစာနာထောက်ထားသည့် တိုင်းးပြည်များမှ ကိုယ်ကျိုးစွန့် ပရဟိတသမားများ လာရောက်ကူညီ ကယ်ဆယ်နေကြသည်မှာ တကမ္ဘာလုံးအသိပင် ဖြစ်သည်။ ဤကဲ့သို့ ရှေ့တန်းမှ ကူညီကယ်ဆယ်သူများရှိကြသလို နောက်တန်းအနေဖြင့် လှူဒါန်းသူအများအပြားလည်း ပေါ်ထွက်လာခဲ့သည်။

ယင်းတွင် ဒါနခန်းသာမက  ဒုက္ခကြုံ ပူဆွေးသောက ရောက်နေကြသူများကို ကိုယ်တိုင်လှူဒါန်း အားပေးသူ အများအပြားလည်း ပေါ်ထွက်လာခဲ့သည်။ ဘိနပ်မပါသော ကလေးငယ်၏ လှူဒါန်းမှုမှအစ ဆင်းရဲသားများအလယ် KBZခရိုနီသူဌေးများအထိ ပြည်သူများထံ ရောက်ရှိ လှူဒါန်းလာကြသည်။

ဤနေရာတွင် အလှူနှင့် ပြိတ္တာကြီးများကဏ္ဍ ထွက်ပေါ်လာသည်ကို မြင်ရသည်။ အလှူရှင်များက မလှူမီ၊ လှူဆဲ၊ လှူပြီး စေတနာ သုံးတန်ပြတ်လှူကြသော်လည်း အလှူကို ကဲ့ရဲ့ရှုံ့ချသည့်ပြိတ္တာ၊ နှမျောတွန့်တိုသည့် ပြိတ္တာ၊ ဖျက်စီးလိုသည့်ပြိတ္တာ၊ အလှူကို မုဒိတာမပွားနိုင် သာဓုမခေါ်နိုင်သည့် ပြိတ္တာများကို သတင်းအတု၊ ပုံအတုများသုံး၍ တိုက်ခိုက်သည့် ခေတ်မီပြိတ္တာများအဖြစ် ကြားသိ တွေ့ရှိလာရသည်။

လှူတန်းသူသည် သူ့စိတ်စေတနာ အရင်းခံပေါ်တွင်မူတည်၍ ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့လောက်သာရသူ၊ ညောင်စေ့လောက်လှူပြီး ညောင်ပင်ကြီးလောက်ရသူဟူ၍ အသီးသီး  ရှိကြမည်ဖြစ်ပြီး  ပြိတ္တာများကမူ မည်သည့် ကောင်းကျိုးမျှမခံရဘဲ ဆိုးကျိုးများသာ ရရှိကြပေမည်။

ချစ်ခင်သူများနှင့် သေကွဲကွဲရပြီး ရရှိလာသည့် ဗျာပါဒနှင့်  အိုးအိမ်စည်းစိမ်များ ပျက်သုန်းရမှုကြောင့်  ဒုက္ခရောက်နေသူများ၏ မျက်ရည်များကို ကူညီသုတ်ပေးသူများသည် မသာရှေ့ အလှူလှည့်သူများ၊ မကူညီသူများထက် လူသားချင်းစာနာမှုရှိသူများဟု သတ်မှတ်ပါသည်။ ထမင်းစားသူတိုင်း လူမဟုတ်ဟု ဆိုကြသည်။

လူသားတို့၏ စိတ်ဓာတ်စံနှုန်းကို တိုင်းတာရာတွင် ပရဟိတစိတ်သည် အမြင့်ဆုံးဖြစ်ကြောင်း စည်းစိမ်ဥစ္စာ ရာထူး မိသားစုများထက် လူသားအကျိုးဆောင်ခဲ့သည့် လူသားများတွင် မဇ္ဇျိမဒေသမှ ဗုဒ္ဓ၊ ဂျေရုစလင်မှ ယေရှု၊ မက္ကာမှ မိုဟာမက်တို့သည် အမြင့်ဆုံးပရဟိတ မဟာသူရဲကောင်းများဟု ဆိုရပေမည်။

သို့ဖြစ်၍ ယခု သဘာဝဘေးငလျင်ကြီးမှ ထွက်ပေါ်လာသည့် ပရဟိတသူရဲကောင်းများအား လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုမိပါကြောင်းနှင့် ပြိတ္တာများကိုလည်း တပါးတည်းတွေ့ရပါကြောင်း ရေးသားလိုက်ရပါသည်။

===END===

ပုံစာ- မန္တလေးမြို့မှ ငလျင်ကယ်ဆယ်ရေးလုပ်နေကြသူ အချို့ ( CJ)

Leave a Reply

Your email address will not be published. Required fields are marked *