


ရန်ကုန်၊ မေ ၂၂
စစ်ကောင်စီ၏ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တွင် စာသင်ကြားပို့ချနေသည့် အငြိမ်းစားဗိုလ်ချုပ် ချိုထွန်းအောင် ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Golden Valley Warriors အဖွဲ့က သတင်းထုတ်ပြန်လာသည်။
ကာလအတန်ကြာ အချက်အလက်များစုဆောင်း ထောက်လှမ်းခဲ့ပြီးနောက် ယနေ့မနက်ပိုင်း ၉ နာရီ မိနစ် ၂၀ ခန့်က ဗိုလ်ချုပ် ချိုထွန်းအောင်ကို ၎င်းနေထိုင်ရာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်းရှိ အေဝမ်းလမ်းပေါ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၎င်းသည် စစ်တပ်မှ အငြိမ်းစားယူပြီးသူဖြစ်သော်လည်း ယနေ့အထိ စစ်ကောင်စီတပ်အပေါ် စစ်ဘက်ဆိုင်ရာ ပညာရပ်များ ပို့ချနေသူဖြစ်သဖြင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ရှင်းလင်းရခြင်းဖြစ်ကြောင်း Golden Valley Warriors အဖွဲ့က ဖော်ပြထားသည်။
ဗိုလ်ချုပ်ချိုထွန်းအောင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပေးသော ဝဏ္ဏကျော်ထင်ဘွဲ့ ကိုရရှိထားသူဖြစ်ကြောင်း သိရသည်။