သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် အရပ်သား ၁၃ ဦး ထပ်မံ သေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းတွင် ၂ ရက်အတွင်း အရပ်သား ၂၆ ဉီး အထိ သေဆုံး

သပိတ်ကျင်း၊  ဧပြီ ၁၉

ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  အရပ်သား ပြည်သူ ၁၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီခန့်က အာဏာသိမ်းစစ်တပ်သည် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာရှိ ဓာတ်ဆီဆိုင်ကို ပေါင် ၂၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ကြောင်း  သပိတ်ကျင်းမြို့နယ် ပကဖ က သတင်းထုတ်ပြန်လာသည်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ကလေးငယ် ၂ ဉီးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၁၃ ဉီး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

“အရပ်သားပြည်သူ သီးသန့် ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူ စည်ကားရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်ပါတယ်” ဟု သပိတ်ကျင်း ပကဖ က ဆိုထားသည်။

ယမန်နေ့ ဧပြီ ၁၈ ရက်နေ့ မနက် ၁၀ နာရီခန့်ကလည်း သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာအနီးရှိ လိပ်ကျရွာကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

အာဏာသိမ်းစစ်တပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိပြီး ယင်းတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများသာ သေဆုံးလျက်ရှိသည်ကို တွေ့ရသည်။

ဓာတ်ပုံ- Min Khant Kyaw

Leave a Reply

Your email address will not be published. Required fields are marked *