ရွှေဘို-မြစ်ကြီးနားလမ်းတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ခရီးသွား ဘုန်းကြီး ၁ ပါးအပါအဝင် ၄ ဉီး သေဆုံးပြီး ၁၀ ဉီး ဒဏ်ရာရ

ကန့်ဘလူ၊ နိုဝင်ဘာ ၁၈
News Ambassador

ယနေ့မနက် က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်သဖြင့် ခရီးသွားဘုန်းကြီးတပါး ပျံလွန်တော်မူပြီး နောက်ထပ် ပြည်သူ ၃ ဉီး သေဆုံးကာ ၁၀ ဉီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့ မနက် ၇ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် တောင်ခြမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတစ်နေရာကို ဇီးကုန်းသကြားစက်အထိုင် စစ်ကောင်စီတပ်နှင့် ပျူများက ပထမအကြိမ် Drone ဖြင့် ဗုံးသီး ၃ လုံး၊ မနက် ၈ နာရီ မိနစ် ၂၀ ခန့်တွင် နောက်ထပ် ဗုံးသီး နှစ်လုံး စုစုပေါင်း ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ခရီးသွားမော်တော်ယာဉ်ဘေးသို့ ကျရောက်ပေါက်ကွဲပြီး ယာဉ်ပေါ်ပါ ဘုန်းကြီးတစ်ပါး နှင့် အမျိုးသား ၂ ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦး ထိမှန်သေဆုံးခဲ့ကြောင်း၊ ယင်းအပြင် နောက်ထပ်ခရီးသွားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားနှစ်စီး ပျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းအတည်ပြုထုတ်ပြန်လာသည်။

ထိခိုက်သေဆုံးသွားသည့် ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ ၃ ဦးမှာ ငွေတိုးမန်း ခရီးသည်ကားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများ ဖြစ်ပြီး အမည်နှင့် နေရပ်လိပ်စာများကို ဆက်လက်စုံစမ်းနေကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ပြည်သူပိုင်နေအိမ်များအား စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူများသတ်ဖြတ်ခြင်း၊ ရွာများအားပစ်မှတ်ထားပြီး Drone ဗုံးသီးချခြင်း၊ ပျူသင်တန်းတက်ရန် ပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများကို လုပ်ဆောင်နေသည်မှာ ၂ ပတ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ (၁၃၀) ခန့်မှာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဖော်ပြထားသည်။
ယင်းအပြင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာ၊ ကျွန်းလှမြို့နယ် ရွာကုန်းကြီးနှင့် လိပ်ဆင်းတောင်ရွာတို့အား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ရွာကုန်းကြီးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်ဆီးပြီး လိပ်ဆင်းတောင်ရွာမှ နေအိမ် ၆ လုံး၊ ကားဝပ်ရှော့မှ ကား ၇ စီး၊ ကင်ဒါကားတစ်စီး၊ ဆိုင်ကယ်တစ်စီးတို့ ထိခိုက် ပျက်ဆီးခဲ့ကြောင်း၊ ယင်းအပြင် နွားတကောင်နှင့် ခပေါင်းရုံရွာမှာ ဦးမောင်နိုင် ဆိုသူတို့ ဗုံးစထိမှန် အသက်သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။