
ထားဝယ်၊ ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရှင်မုတ္ထီးကျေးရွာအနီးရှိ စစ်ကောင်စီတပ်အထိုင် ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းယူမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းကို ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၅ နာရီခန့်ကြာမြင့်ခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်လာသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဉီး ထက်မနည်း သေဆုံးပြီး ၄ ဉီးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ်ထံမှ ငါးကြင်းမြှီးစက်သေနတ် ၁ လက်၊ MA 4 သေနတ် ၁ လက်၊ MA 3 သေနတ် ၃ လက်၊ MA 2 သေနတ် ၁ လက်၊ MA 1 သေနတ် ၄ လက်၊ ၆၀ မမကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ ၁၄ နင်းမိုင်း ၄ လုံး၊ လက်ဗစ်ဗုံး ၄ လုံး၊ လိပ်ခုံးမိုင်း ၅ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကာ စခန်းကုန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် တော်လှန်ရေးတပ်များဖြစ်သော ဒူရကစစ်ကြောင်း၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ခွဲ၊ ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။