ရေလယ်ကျွန်းတွင် စကစ စစ်ကြောင်း တိုက်ိခုက်ခံရပြီး ဗိုလ်ကြီးအပါအဝင်  ၉ ဉီးသေ ၊ ၉ ဉီး အရှင်ဖမ်းမိ

ရေလယ်ကျွန်း၊ မတ် ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာသော အင်အား ၂၀၀ ကျော်ပါ စကစ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်အစောပိုင်းတွင် ရေစကြိုမြို့နယ်ဘက်မှ ရေလယ်ကျွန်းဘက်သို့ စက်လှေဖြင့်ကူးလာပြီး အနီးနားရှိရွာများကို လှည့်ပတ်စစ်ကြောင်းထိုးရာ မနက် ၈ နာရီခန့်တွင် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် တော်လှန်ရေးတပ်များဘက်က အသာစီးရလာသောအခါ စစ်ကောင်စီတပ်သည် Jet-Fighter နှင့်တစ်ကြိမ်၊ Mi-35 နှင့်တစ်ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး တပ်ပြန်ဆုတ်သွားခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ က သတင်းထုတ်ပြန်လာသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က  ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် အလောင်း ၉ လောင်း သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ၉ ဉီး ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Myingyan Black Tiger (MBT)တပ်ဖွဲ့မှ  ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်တပ်များဘက်မှလည်း ထိခိုက်မှုအချို့ ရှိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်၏  ၆၀ မမ တစ်လက်၊ RPG- 7 တစ်လက် အပါအဝင် လက်နက်ငယ် အချို့နှင့် အခြား ခဲယမ်းဆက်စပ်ပစ္စည်းအချို့အား သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုထားသည်။

အဆိုပါတိုက်ပွဲတွင် Myingyan Black Tiger (MBT)၊  မြောင်တပ်ပေါင်းစု၊ Royal Brother Defence Force (RBDF)၊ သွေးသောက်တပ်ဖွဲ့၊ ​ရေစကြိုမြို့နယ် (ပလဖ)၊ MSPDFနှင့် အခြားညီနောင်မဟာမိတ်များစွာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း ၊ အထက်ဖော်ပြပါ စကစ ကျဆုံးမှုနှင့် လက်နက်ခဲယမ်းရရှိမှုများသည် Myingyan Black Tiger (MBT)တပ်ဖွဲ့ တာဝန်ယူ တိုက်ပွဲဝင်သော နေရာတစ်ခုတည်းမှသာဖြစ်ပြီး အခြား မဟာမိတ်ညီနောင်များ အသီးသီးနေရာယူသည့် တိုက်ပွဲဧရိယာများတွင်လည်း တိုက်ခိုက်ချေမှုန်းမှုများ ရှိနိုင်သောကြောင့် စစ်ကောင်စီ၏ အကျအဆုံး ယခုထက်ပိုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *