မြန်မာသို့ လျှပ်စစ်မီး-အင်တာနက်-စက်သုံးဆီ ရောင်းချမှု စတင်ဖြတ်တောက်၊ ဘတ်ငွေ သန်း ၆၀၀ ခန့် ဆုံးရှုံးမည်ဟု ထိုင်း ပြည်ထဲရေးဝန်ကြီးပြော

ဖေဖော်ဝါရီ ၅

ယနေ့မနက် ၉ နာရီ ၁၀ မိနစ်မှစ၍ ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်အခြမ်း မြဝတီ၊ ဘုရားသုံးဆူ၊ တာချီလိတ်မြို့များသို့ လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီ ရောင်းချမှု စတင်ဖြတ်တောက်လိုက်ပြီဖြစ်သည်။

ထိုင်းနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul ကိုယ်တိုင် ပြည်နယ်လျှပ်စစ်ရုံးသို့ သွားရောက်၍ လျှပ်စစ်မီးဖြတ်တောက်မှုကို ယနေ့ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရောင်းချနေမှုများဖြတ်တောက်လိုက်သည့်အတွက်လည်း ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ် ဘတ်ငွေ သန်း ၆၀၀ ခန့် ဆုံးရှုံးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး က ပြောကြားခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကျာဖြန့်လုပ်ငန်းတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံက မြန်မာဘက်အခြမ်းသို့ ရောင်းချနေသည့် လျှပ်စစ်မီး၊ အင်တာနက်နှင့် စက်သုံးဆီများဖြတ်တောက်ရန် ယမန်နေ့က ပြုလုပ်ခဲ့သော ထိုင်းအစိုးရအဖွဲ့ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဘက်က ယင်းသို့ ဖြတ်တောက်လိုက်သည့် ယနေ့မနက်မှာပင် တာချီလိတ်မြို့၊ မြဝတီမြို့၊ ဘုရားသုံးဆူမြို့များ၌ ဒေသခံပြည်သူများ စက်သုံးဆီအပြိုင်အဆိုင်ဝယ်ယူနေကြကြောင်း မြေပြင်သတင်းများအရ သိရသည်။

ပုံစာ- လျှပ်စစ်မီးဖြတ်တောက်ရန် PEA ရုံးသို့ ရောက်ရှိနေသည့် ထိုင်းပြည်ထဲရေးဝန်ကြီး ( Khaosod Image )

Leave a Reply

Your email address will not be published. Required fields are marked *