မုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်နေရာအချို့ကို တော်လှန်ရေးတပ်များ သိမ်းယူ

ညောင်လေးပင်၊ မေ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင် ) ၊ မုန်းမြို့နယ် (မူးမြို့နယ်) အတွင်း စစ်ကောင်စီတပ် ခြေကုပ်ယူထားသော နေရာအချို့ကို တော်လှန်ရေးတပ်များက သိမ်းယူခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်လာသည်။

မုန်းမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်တပ် ခလရ(၆၀)၊ ခလရ(၇၃) တို့  ထိုးစစ်ဆင် အထိုင်ချနေရာယူ ထားသည့် နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်တို့က  ဧပြီ ၂၈ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခန့်တွင်  တက်ရောက်သိမ်းယူ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမူးတစ်ဦးအပါအဝင် အရန်ခံဗိုလ်တစ်ဦး ကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU ဗဟိုက ဆိုသည်။

အဆိုပါ နေရာတွင် အာဏာသိမ်းစစ်တပ်က တပ်စွဲထားမှုကြောင့် ဒေသခံပြည်သူလူထုမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *