မိုးမိတ်၊ သြဂုတ် ၁
News Ambassador
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း TNLA က ကြေညာလာသည်။
စစ်ကောင်စီတပ်၏ ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် ၃၄၈ ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ၊ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈) စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်း အပါအဝင် အစိုးရဌာနဆိုင်ရာရုံးများကို အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဇွန် ၂၇ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့တွင် ရှင်းလင်းသိမ်းပိုက်ခဲ့သည်ဟု ဆိုထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighter (၂၉)ကြိမ်၊ Y12 လေယာဥ် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁) ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး(၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိူင်းဖိုက်(၃)လက်၊ RPG (၁၆)လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများ ရှင်းလင်းသိမ်းဆည်းရမိပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
တိုက်ပွဲအတွင်း မိုးမိတ်ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ဒဏ်ရာရကာ စာသင်ကျောင်း (၂)ကျောင်း နှင့် လူနေအိမ် (၅) လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း PSLF/TNLA က နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့ကို သိမ်းယူထားပြီးဖြစ်သည်။








