နောင်ချို၊ နိုဝင်ဘာ ၁၂
News Ambassador
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်၊ နောင်ချိုမြို့ ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ယနေ့မွန်းလွဲပိုင်းတွင် အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်က အဆိုပါ လက်ဖက်ရည်ဆိုင်ကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲချသွားရာ ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲ့ဒီဆိုင်က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ရှိတော့ ခရီးသွားတွေ ကားသမားတွေ ဝင်နားစားသောက်တဲ့နေရာ။ လောလောဆယ် သေဆုံးမှုများတယ်လို့ ပြောကြပေမယ့် အတိအကျတော့ မသိရဘူး။ သိရသလောက် ဆိုင်ရှင် လင်မယား ဘေးကင်းတယ်။ ဒါပေမဲ့ ခရီးသွားတွေတော့ ထိတာများတယ်လို့ သိရတယ်” ဟု ဒေသခံ ပြည်သူ ၁ ဉီးက ပြောသည်။
လောလောဆယ် ထွက်ပေါ်နေသော်လည်း အတည်ပြုရန် ခက်ခဲနေသည့် သတင်းများအရ လေကြောင်းတိုက်ခိုက်ခံရသည့်နေရာမှ အလောင်း ၁၁ လောင်း ရရှိထားသည်ဟု သိရသည်။
ဓာတ်ပုံ-ဒေသခံ



