မထောစခန်းမှ ဆုတ်ခွါသည့် စကစတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦး ​ေ.သ.ဆုံး

ဖာပွန်၊ နိုဝင်ဘာ ၂၅

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ မထောတပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဥ် ထွက်ပြေးဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦး ​ေ.သ.ဆုံး.ခဲ့ကြောင်း KNU တပ်မဟာ ၅ ဘက်က သတင်းထုတ်ပြန်လာသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၂နေ့က KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်မဟာ/မဟာမိတ်စစ်သည်တော်များသည် မထောအခြေစိုက် စစ်ကောင်စီ စကခ(၈)လက်အောက်ခံ ခမရ-၄၀၄/၄၀၇/၄၀၈ တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစခန်းအားတိုက်ခိုက်သိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ဖက်ရှိ ၎င်းတို့တပ်စခန်းများရှိရာ ကစယ်သဲဖလယ်(တောင်းသုံးလုံး)နှင့်ထွီသီးအူ(ခွေးသေ)ဘက်သို့ ဆုတ်ခွာထွက်ပြေးကြောင်း၊ လမ်းခုလတ်တွင် တော်လှန်ရေးတပ်များက အဆင့်ဆင့်ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်​ပြန်ချက်က ဖော်ပြထားသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထပ်မံသေဆုံးပြီး မြေပြင်မျက်မြင်သတင်းများအရ ၂၀ ဦး မျှ ကစဉ့်ကလျား သုတ်ခြေတင်ထမ်းပိုး သယ်ဆောင်သွားသည်ဟု ဖော်ပြထားသည်။

တိုက်ပွဲနှစ်ကြိမ်အတွင်း စစ်ကောင်စီထံမှ RPG-7တလက်နှင့် ၎င်းကျည်ဖူး (၃၈)လုံး၊ ၈၁ မမတစ်လက်နှင့် ၎င်းကျည်သီး(၆)လုံး၊ MA-1(၉)လက်၊ MA-2(၄)လက်၊ MA-3(၄)လက်၊ MA-4(၂)လက်၊ ငါးမြီးစက်လတ်(၁)လက်၊ ၆၀မမပြောင်းရှည်(၂)လက်၊ ၆၀မမပြောင်းတို(၂)လက်၊ ရှေ့ထွက်မြေမြှုပ်ဗုံး(၃)လုံး၊ ၆၀မမကျည်(၁၂၃)လုံး၊ G-3ကျည်(၆၀၀၀)တောင့်၊ ဟွန်ဒါမီးစက်တစ်လုံး၊ ခွင်းဗုံး(၅၃)လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီးတစ်လုံးနှင့် စားသုံးဆီ(၂)ပုလင်း အသီးသီးသိမ်းဆည်းရမိသည်ဟု ဆိုထားသည်။