

ဘန်ကောက်၊ ဧပြီ ၄
BIMSTEC ထိပ်သီးအစည်းအဝေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကန့်ကွက်ဆန္ဒပြမှုဖြင့် ထိုင်း တက္ကသိုလ်ကျောင်းသား ၁ ဉီး ထပ်မံ ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။
ယနေ့ ညနေ ၄ နာရီခွဲခန့်က အဆိုပါ ထိုင်းနိုင်ငံသား တက္ကသိုလ်ကျောင်းသားလူငယ်တစ်ဉီးသည် မင်းအောင်လှိုင် တည်းခိုနေထိုင်ရာ ဟိုတယ်အတွင်းသို့ဝင်ရောက်ရှိ ဆန္ဒထုတ်ဖော်ခဲ့ရာ အာဏာပိုင်များက ၎င်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ တက္ကသိုလ်ကျောင်းသားကို မည်သည့်နေရာ၌ မည်သို့ဖမ်းဆီးထားကြောင်းကိုတော့ မသိရသေးပေ။
” ဒီကနေ့ ညနေ ထွက်လာတဲ့ ဗီဒီယိုက ထိုင်းတက္ကသိုလ်ကျောင်းသား ၁ ဉီး မင်းအောင်လှိုင်နေတဲ့ နေရာအထိသွားပြီး ဆန္ဒပြတာ။ သူပြောတဲ့စကားက ‘ မင်းအောင်လှိုင်ဟာ အရပ်သား ၆၀၀၀ ကျော်ကို သတ်ဖြတ်ထားလို့ သူ့လက်တွေမှာ သွေးစွန်းနေပါတယ်။ ဝန်းကြီးချုပ် ပေထုန်တန်အနေနဲ့ စစ်ခေါင်းဆောင်ဘက်ကနေ ရပ်တည်နေတာ မရှက်ဘူးလား။ ထိုင်းနိုင်ငံဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေပါတယ်’ လို့ ပြောတာ ” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်နေသူ တစ်ဉီးက ပြောပြသည်။
ယနေ့မနက်ကလည်း ဘန်ကောက်မြို့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ကို ကန့်ကွက်ဆန္ဒထုတ်ဖော်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဉီး ဖမ်းဆီးခံရပြီး ၎င်းတို့ ၂ ဉီးကို ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံဘက်အခြမ်းသို့ ပြန်လည်လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။
“မနက်တုန်းက အဖမ်းခံရတာ မြန်မာ ၂ ယောက်။ အဲ့ဒီ မြန်မာ ၂ ယောက်ကို Black List (အမည်မဲစာရင်း) သွင်းလိုက်တယ်။ နောက်ဆုံးသတင်းအရ ဘန်ကောက် ဆာထောင်းအခန်း ၁၃ ICD မှာ ချုပ်ထားတယ်။ သူတို့ ၂ ဉီးကတော့ မြန်မာပြည်ပြန်ပို့ခံရမယ်လို့ ကာယကံရှင်တွေဘက်က ပြောလာတယ်” ဟု ၎င်းက ထပ်လောင်းဆိုသည်။
ယခုတစ်ကြိမ် BIMSTEC ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံက အလှည့်ကျ ဉက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် ထိုင်းလွှတ်တော်ကပင် ထိုင်းအစိုးရအဖွဲ့ကို တန်ပြန်မေးခွန်းထုတ်ခဲ့ပြီး ကန့်ကွက်မှုများ ကြုံတွေ့နေရခြင်းဖြစ်သည်။
Photo- ประชาไท Prachatai . com